ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သမီးမိန်းကလေးတွေ ဖြစ်လာစေဖို့

မိန်းကလေးတွေဟာ ယောကျ်ားလေးတွေနဲ့ယှဉ်ရင် ငယ်စဉ်မှာ ပိုပြီး အစကောင်းကြပါတယ်။ သူတို့ဟာ စကားစပြောတာ စောသလို၊ ပေါင်းသင်းဆက်ဆံရေးမှာလဲ ပိုကောင်းကြပါတယ်။ အတန်းထဲမှာ ဆိုရင်လဲ ထိပ်ဆုံးက နေလေ့ရှိကြပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် အရွယ်လောက်က စလို့ သူတို့ဟာ သူတို့ပတ်ဝန်းကျင်က ပေးလာတဲ့ ဖိအားတွေကြောင့် စိတ်ရှုပ်ထွေးလာ နိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် – “မိန်းကလေး တစ်ယောက်မှာ ရုပ်လှဖို့က စာတော်ဖို့ထက် ပိုအရေးကြီးတယ်” ဆိုတာမျိုးတွေ၊ “မိန်းကလေးက လင်ကောင်းသားကောင်းရဖို့ အရေးကြီးတယ်” တို့၊ နောက်ပြီး ပတ်ဝန်းကျင်က သူငယ်ချင်းတွေရဲ့ ပြောဆိုမှုတွေ၊ စာတော်တဲ့ မိန်းကလေးတွေမို့ ယောကျ်ားလေးတွေရဲ့ သတိထား ခံရမှုတွေ၊ အစရှိ တာတွေအားလုံးဟာ သမီးမိန်းကလေးတွေကို စိတ်ရှုပ်ထွေးလာစေနိုင်ပြီး ပညာရေးပိုင်းမှာ ထိခိုက်လာတာ၊ မိမိကိုယ်ကကို ယုံကြည်ချက် (confidence) နဲလာတာ မျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

ကိုယ့်မှာ သမီးမိန်းကလေး ရှိမယ်ဆိုရင် သမီးမိန်းကလေးရဲ့ မိမိကိုယ်ကို မိမိ ယုံကြည်မှု (self confidence) ကောင်းမွန်အောင် ဘယ်လို အားပေး ကူညီ နိုင်မလဲ ဆိုတာ အကြံပြု ဆွေးနွေးထားပါတယ်။

(၁) မိမိလိုလားချက်တွေ၊ မိမိဖြစ်ချင်တာတွေကို ရဲရဲရင့်ရင့် ထုတ်ဖော်ပြောရဲအောင် ငယ်ငယ်ကတဲက သင်ကြားပေးပါ

သင့်သမီးကို ငယ်ငယ်ကတဲက သူလိုချင်တာတွေ၊ သူဖြစ်ချင်တာတွေကို မိဘတွေ၊ ဆရာသမားတွေ၊ လူကြီးတွေကို ဖွင့်ဟပြောရဲအောင် လေ့ကျင့်ပေးပါ။ လိုချင်တာကို ဖွင့်မပြောရဲပဲ အုံ့ပုံး နေတာမျိုးကို အားမပေးပါနဲ့။ သူလိုချင်တာ ရတာမရတာက တပိုင်း၊ ဘာလိုချင်လဲ ဆိုတာကို ဖွင့်ပြောတာက တပိုင်းဆိုတာ သူနားလည်အောင် ပြောပြပါ။ ကိုယ်လိုချင်တာကို ဖွင့်မပြောရင် ဘယ်သူမှ မသိနိုင်ဘူး ဆိုတာလဲ သူနားလည်ပါစေ။ ဒီလိုပြောရဲဖို့ဆို မိဘက သူလိုချင်တာ လုပ်မပေးနိုင်ရင်တောင် ဘာ့ကြောင့် မပေးနိုင်ရတာလဲ သူနားလည်အောင် ရှင်းပြပါ။ နောက်တခါ ကလေးကို လုပ်ပေးမယ်လို့ ပြောပြီးရင်လဲ ဖြစ်အောင် လုပ်ပေးပါ။ နို့မဟုတ်ရင် သမီးလုပ်သူက ပြောလဲ လေကုန်တာပဲ အဖတ်တင်တယ်လို့ မြင်သွားရင် နောက်ပြောတာ့မှာ မဟုတ်ပါဘူး။ ကြာလာရင် ကိုယ်လိုချင်တာ ရဖို့ ဝန်လေးသွား တတ်ပါတယ်။

(၂) ကိုယ်နဲ့ ရွယ်တူတွေက ဖိအားပေးတာ၊ အနိုင်ကျင့်တာတွေကို ရင်ဆိုင်နိုင်အောင် သင်ပေးပါ

သမီးမိန်းကလေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျက်ပြားစေတဲ့ အထဲမှာ အဓိက အကြောင်းရင်း တစ်ရပ်ကတော့ မိမိနဲ့ သက်တူရွယ်တူ တွေရဲ့ အနိုင်ကျင့်မှုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မိမိရဲ့ ပြင်ပရုပ်ရည်နဲ့ ပါတ်သက်ပြီး နှိမ့်ချပြောဆိုတာ မျိုးတွေ၊ သူငယ်ချင်းတွေကြားမှာ ဝိုင်းပယ်ထားတာမျိုးတွေဟာ သမီးငယ်တွေရဲ့ မိမိကိုယ်ကို မိမိ ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမျိုး ကြုံလာခဲ့ရင် ရင်ဆိုင်တတ်ဖို့ သင်ကြားပေးပါ။ လိုအပ်ရင် ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာ အကြံဉာဏ် ပေးပါ။ ဥပမာ မိမိရဲ့ ရုပ်ရည်နဲ့ ပါတ်သက်ပြီး နှိမ့်ချပြောဆိုလာရင် “ရုပ်လှဖို့ထက် စိတ်လှဖို့က ပိုအရေးကြီးတယ်” ဆိုတာမျိုး ပြန်ပြောတာမျိုးပေါ့။ ဒီနေရာမှာ သတိပြုရမှာက အနိုင်ကျင့်မှုကို ရဲရဲ ရင်ဆိုင်ရဲအောင် သင်ပေးဖို့ ဖြစ်ပြီး ထစ်ကနဲနေ ရန်ဖြစ်အောင် သင်ပေးဖို့ မဟုတ်ဘူး ဆိုတာပါပဲ။ လိုအပ်ရင် တခါတလေလဲ မိဘက ဝင်ကူညီတာမျိုး လိုအပ်ရင် လိုအပ်ပါလိမ့်မယ်။ (ကျောင်းမှာ အနိုင်ကျင့်တဲ့ ပဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ နောက်ဆောင်းပါး သပ်သပ် ရေးပါ့မယ်။)

(၃) ကလေးကို ချီးမွမ်းတဲ့အခါမျိုးမှာ ဘာကိုချီးမွမ်းလဲဆိုတာ တိကျမှု ရှိပါစေ

မိမိသမီးက တော်လို့၊ ထူးချွန်လို့ ချီးမွမ်းတဲ့ အခါ ဘယ်အချက်ကို ချီးမွမ်းတာလဲ ဆိုတာ တိတိကျကျ ရှိပါစေ။ ငါ့သမီးလေး တော်လိုက်တာ ဆိုတာမျိုး ရောထွေးချီးမွမ်းမယ့်အစား “သမီးက မှတ်ဉာဏ်ကောင်းတယ်”၊ “သမီးက အပေါင်းအနှုတ်တွေ ကောင်းကောင်းရတယ်” ဆိုတာမျိုး တိကျပါစေ။ အထူးသဖြင့် ကလေးရဲ့ ကြိုးစားအားထုတ်မှုကို အထူးပြုပြီး ချီးမွမ်းပါ။ ဥပမာ စာမေးပွဲမှာ အမှတ်မကောင်းရင်တောင် “သမီးကြိုးစားတာ မေမေသိပါတယ်၊ ဒီတစ်ခါ အမှတ်မကောင်းပေမယ့် နောက်တစ်ခါပေါ့ သမီးရယ်၊ ကြိုးစားတာ မလျှောမနဲ့ သမီး” ဆိုတာမျိုး ကလေးရဲ့ ကြိုးစားအားထုတ်မှုကို လှုံ့ဆော်ပေးတဲ့ ချီးမွမ်းမှုမျိုးပေါ့။

(၄) ကလေးကို ချီမွမ်းတာ အမှန်အတိုင်း ဖြစ်ပါစေ

သမီးကို ချီးမွမ်းတာ မဟုတ်မမှန်တာတွေနဲ့ မချီးမွမ်းပါနဲ့။ ဥပမာ အတန်းထဲမှာ စာအတော်ဆုံး မဟုတ်တဲ့ ကလေးကို အတန်းထဲမှာ အတော်ဆုံးလို့ ချီးမွမ်းတာ ကလေးက မဟုတ်မှန်း သိပါတယ်။ စာမကြိုးစားလို့ စာမေးပွဲကျတဲ့ ကလေးကို (အပေါ်က ဥပမာမှာလို) ကြိုးစားပါတယ်လို့ ချီးမွမ်းတာမျိုးလဲ မလုပ်ပါနဲ့။ တကယ်ကြိုးစားရက်နဲ့ ခြေချော်လက်ချော် အမှတ်နဲမှသာ ပြောပါ။ ချီးမွမ်းတဲ့ အခါမှာ ကလေးရဲ့ ကြိုးစားအားထုတ်မှုကို အဓိက ချီးမွမ်းပါ။ ဒီအချက်ဟာ ကလေးရဲ့ ကြိုးစားအားထုတ်လိုစိတ်ကို လှုံ့ဆော်ပေးလို့ပါ။ ရလဒ်ကို အဓိက ချီးမွမ်းရင် ကြာရင် ကလေးက ရလဒ်မကောင်းဘူးထင်ရင် မလုပ်ရဲတော့ပဲ မိမိကိုယ်ကို ယုံကြည်မှုပါ ပြောက်ဆုံးသွားနိုင်လို့ပါ။

(၅) ကလေးက သူငယ်ချင်းတွေကြားမှာ အပယ်ခံရတဲ့ အခါမျိုးမှာ ဘာကြောင့်ဆိုတာ ရှင်းပြပါ

တခါတလေ သမီးကို သူ့သူငယ်ချင်းက မွေးနေ့ပွဲ မဖိတ်တာမျိုး၊ နင်နဲ့ ငါမပေါင်းတော့ဘူးလို့ အပြောခံရတာမျိုး ကြုံလာရင် သမီးလုပ်သူမှာ စိတ်ဝမ်းနဲ ရတတ်ပါတယ်။ ငါဘာများ မှားနေလို့လဲ၊ ဘာများ ချို့ယွင်းနေလို့လဲ ဆိုတဲ့ အတွေးမျိုး ဝင်တတ်ပါတယ်။ ဒီအခါမျိုးမှာ ဒီလို ဖြစ်ရတာဟာ သမီးရဲ့ အပြစ်ကြောင့် မဟုတ်ဘူး၊ သမီးဖက်က ချို့ယွင်းနေလို့ မဟုတ်ဘူး၊ အဲ့ဒီအချိန်မှာ သူ့သူငယ်ချင်း လုပ်သူက စိတ်ဆိုးစိတ်ကောက်နေတဲ့ အချိန်မို့ ဒေါသအလျှောက် ပြောမေတာသာ ဖြစ်တယ် ဆိုတာရှင်းပြပါ။ သူငယ်ချင်းဆိုတာ ဒီလိုပဲ စိတ်ဆိုးတဲ့အခါ မခေါ်ပဲ နေလိုက်၊ စိတ်ပြေသွားတော့ ပြန်ခေါ်လိုက် ဆိုတာ ကလေးနားလည်အောင် ရှင်းပြပါ။

(၆) မိမိကိုယ်တိုင် ကြိုးစားချင်စိတ် ပေါ်လာအောင် လေ့ကျင့်ပေးပါ

သမီးလုပ်သူက ကျောင်းစာနဲ့ ပါတ်သက်ပြီး ဖြစ်စေ၊ အခြား ကိစ္စတစ်ခုခုနဲ့ ပါတ်သက်လို့ ဖြစ်စေ အကူအညီ တောင်းလာရင် ချက်ခြင်း ထမလုပ်ပေးပါနဲ့။ မိနစ်အနည်းငယ်တော့ သူ့ဖာသာသူ ကြိုးစားဖြေရှင်းနိုင်အောင် လမ်းကြောင်းပေးပြီး ကြိုးစားဖြေရှင်းပါစေ။ သူမရဘူး၊ မဖြေရှင်းနိုင်ဘူး ဆိုမှ ကူညီဖြေရှင်းပေးပါ။

(၇) သမီးက ကစားခုန်စားလုပ်ဖို့ ဝါသနာပါရင် ပေးလုပ်ပါ

အားကစား လုပ်တာဟာ ကိုယ်ကာယ ကြံ့ခိုင်လာစေသလို၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု အတွက်လဲ အထောက်အကူ ဖြစ်စေပါတယ်။ ဒါတင်မက အားကစား လုပ်တဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုလဲ တိုးတက်လာ စာပါတယ်။ အများနဲ့ အတူ ကစားရတဲ့ ဘောလုံး၊ ဘော်လီဘော အစရှိတဲ့ ကစားနည်းတွေကလဲ အသင်းအဖွဲ့ (Team Work) နဲ့ လုပ်တတ်ကိုင်တတ်အောင် သင်ကြားပေးပါတယ်။ သမီး ကစားလိုတဲ့ အားကစားကို မိဘလုပ်သူက ရွေးချယ်ပေးတာမျိုး မဟုတ်ပဲ သူဝါသနာ ပါတာ သူကစားပါစေ။

(၈) သူ့ရဲ့ အားသာချက်၊ အားနဲချက်တွေနဲ့ ပါတ်သက်လို့ ဘာမှ ကြိုတင် ထင်မြင်ချက် မထားပါနဲ့

သမီးက မိန်းကလေး ဖြစ်နေလို့ သင်္ချာညံ့မယ် ဆိုတာမျိုး၊ အလွတ်ကျက်ရတဲ့ ဘာသာရပ်တွေဆို အမှတ်ကောင်းမယ် ဆိုတာမျိုး ကြိုတင်ပြီး ထင်မြင်ယူဆတာမျိုး မလုပ်မိ ပါစေနဲ့။ မိန်းကလေးမို့ စန္ဒယားတို့၊ တယောတို့ သင်ပေးရင် တတ်လွယ်မယ်၊ ဂစ်တာတီးတာတော့ မသင့်တော်ဘူး ဆိုတာမျိုးလဲ ကြိုမတွေးပါနဲ့။ သူ့ရဲ့ အခြေအနေကို ကြည့်ပြီး သူထူးချွန်တာ ပိုထူးချွန်အောင်၊ သူအားနည်းတာတွေကို တိုးတက်လာအောင် ကူညီဖြည့်ဆည်းပေးပါ။

(၉) မိမိရဲ့ ပြင်ပရုပ်ရည်နဲ့ ပါတ်သက်လို့ အကောင်းမြင်တတ်အောင် လေ့ကျင့်ပေးပါ

ကလေးငယ်ငယ်မှာ “သမီးလှလားဟင်” လို့မေးလာရင် “လှတာပေါ့ သမီးရယ်” လို့ အားတက်သရော ပြန်ဖြေဖို့ ဝန်မလေးပါနဲ့။ ပြီးရင် သူ့ကိုယ်အမူအရာတွေ နဲ့လဲ တွဲဖက်ပြီး လှကြောင်းပြောဖို့ မမေမ့ပါနဲ့။ ဥပမာ – “သမီးပြုံးလိုက်ရင် ပိုတော်လှသေး” ဆိုတာမျိုး၊ သမီးက စကားပြောရင် ပြုံးပြုံးလေး ပြောတော့ စကားပြောရင် ချစ်စရာလေး ဆိုတာမျိုး ပြောပေးပါ။ ဘယ်တော့မှ ကလေးကို “မလှဘူး”၊ “ရုပ်ဆိုးမ” ဆိုတာမျိုးတွေ မပြောပါနဲ့။ သူများတွေက စချင်နောက်ချင်လို့ ပြောလာရင်လဲ အပြောမခံပါနဲ့ (ပြောချင် သူတို့သားသမီး သူတို့ဖာသာ သွားပြောပေါ့၊ ကိုယ့်သမီးကို လာပြောစရာ မလိုပါဘူး)။ ရုပ်ဆိုးတယ်လို့ အပြောခံရတဲ့ ကလေးတွေဟာ မိမိရဲ့ ပြင်ပ အသွင်အပြင်နဲ့ ပါတ်သက်ပြီး ယုံကြည်ချက် ကင်းမဲ့သွားတတ်ပါတယ်။

ကလေး နဲနဲ အသက်ကြီးလာတဲ့ အခါမျိုး ကျရင်တော့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေက မင်းသမီး လှလှတွေတွေ့ပြီး မိမိကိုယ်နဲ့ နှိုင်းယှဉ်ပြီး အားကျစိတ်၊ အားငယ်စိတ် ဖြစ်တတ်ကြပါတယ်။ ဒီ ဓါတ်ပုံတွေက မြင်ရတာတွေဟာ ပြင်ပအရှိအတိုင်း မဟုတ်ပဲ မိတ်ကပ်ချယ်ထားတာတွေ၊ photoshop လုပ်ထားတာတွေကြောင့် နဂိုထက် ပိုလှသယောင် ထင်နေရတယ် ဆိုတာ ရှင်းပြပါ (တကယ်လဲ ဟုတ်ပါတယ်)။

(၁၀) ကျားမ ခွဲခြားမှုတွေအတွက် ကြိုတင်ပြင်ဆင်ပေးပါ

အခုလို အမြင်တိုးတက်တဲ့ ခေါတ်မှာကို တချို့သူတွေက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်း လိုက်နိုင်တယ် ဆိုတာကို လက်မခံနိုင် ကြသေးပါဘူး။ ဒါကြောင့် သင့်သမီး တီဗီကြည့်တဲ့ အခါမျိုးမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို နောက်တမ်းထားတဲ့ ဇာတ်လမ်းမျိုး တွေ့ခဲ့ရင် လက်တွေ့ဘဝမှာတော့ ဒီလို မဟုတ်ဘူး၊ အမျိုးသမီးတွေလဲ အမျိုးသားတွေနဲ့ တန်းတူ စွမ်းဆောင်နိုင်တယ် ဆိုတာမျိုးကို ထောက်ပြပါ။ ဒီနေရာမှာ Disney Princess ရုပ်ရှင်တွေ၊ စာအုပ်တွေဟာ မိန်းကလေးတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို အလေးထား ပြတာမို့ သမီးမိန်းကလေးတွေ ကြည့်ဖို့ အထူးအသင့်တော်ပါတယ်။

(၁၁) စံပြ အမျိုးသမီးတွေကို အတုယူနိုင်အောင် ထောက်ပြပါ

အောင်မြင်တဲ့ အမျိုးသမီးတွေကို အခွင့်ကြုံတိုင်း ထောက်ပြပါ။ သမီးလုပ်သူရဲ့ စိတ်မှာ အမျိုးသမီးတွေလဲ အမျိုးသားတွေလိုပဲ တန်းတူ စွမ်းဆောင်နိုင်တယ်၊ အောင်မြင်ကြတယ်ဆိုတာကို မြင်ပါစေ။ ပုံပြင်တွေ ဖတ်ရာမှာလဲ ကြံ့ခိုင်တဲ့ အမျိုးသမီး ဇာတ်ကောင်တွေ ပါတဲ့ ပုံပြင်စာအုပ်မျိုးတွေဟာ သမီးမိန်းကလေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ကို မြင့်တက်စေနိုင်လို့ ဒီလိုစာအုပ်မျိုးတွေ ရွေးချယ်ပေးပါ။

သမီးရှိတဲ့ မိဘတိုင်း မိမိကိုယ်ကို မိမိ ယုံကြည်မှု အပြည့်ရှိတဲ့ သမီးမိန်းကလေးတွေ ပြုစုပျိုးထောင်ပေးနိုင်ကြပါစေ။

Leave a Reply Cancel reply