ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်

ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်

သင့်ကလေးရဲ့ အတွေ့အကြုံတွေ၊ အမှတ်ရ စရာ အဖြစ်အပျက်တွေဟာ သူ့ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အရေးပါပါတယ်။ သင့်ကလေးရဲ့ မှတ်ဉာဏ် ဖွံ့ဖြိုးမှုကို အားကောင်းအောင် အောက်ပါနည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်ပါတယ်။

သင့်ကလေး ငယ်စဉ်က ကစားခဲ့တဲ့ အကြိုက်ဆုံး အရုပ်ကလေးတွေ၊ မိသားစုနဲ့ အတူထွက်ခဲ့တဲ့ ခရီးစဉ်တွေ၊ အမှတ်တရ အဖြစ်အပျက်တွေ အားလုံးကို ကလေးကြီးလာသည်အထိ အကုန်လုံးတော့ မှတ်မိနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ်။ ဒီအမှတ်ရစရာ အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အခြေခံ အုတ်မြစ်တွေ ဖြစ်လို့ပါ။ ဒီလို အမှတ်တရ အဖြစ်အပျက် တွေကနေ တဆင့် ကလေးတွေဟာ သူတို့ရဲ့ ပါတ်ဝန်းကျင် လောကကို နားလည်သဘောပေါက် လာကြတာပါ။

သင့်ကလေးရဲ့ မှတ်ဉာဏ် အလုပ်လုပ်ပုံဟာ လူကြီးတစ်ယောက်ရဲ့ မှတ်ဉာဏ် အလုပ်လုပ်ပုံနဲတော့ မတူပါဘူး။ ကလေးငယ်တွေဟာ အဖြစ်အပျက်တွေကို အသေးစိတ် မှတ်မိနိုင်စွမ်း မရှိကြ သေးပါဘူး။ ဒါပေမယ့် ကလေးရဲ့ ဦးဏှောက် သေးသေးလေးဟာ ဒီအရွယ် ကတဲက အစွမ်းကုန် စပြီး အလုပ်လုပ် နေပါပြီ။ မွေးကင်းစမှာ ကလေးတွေဟာ နို့စို့ခြင်း၊ အစာမျိုခြင်း၊ အသံထွက်ခြင်း၊ လှုပ်ရှားခြင်း အစရှိတဲ့ ပြုမူဆောင်ရွက်မှုနဲ့ ဆိုင်တဲ့ မှတ်ဉာဏ်တွေက စပြီး ဖွံ့ဖြိုးလာပါတယ်။ အသက် ၆ ပါတ်လောက်ကစလို့ သူတို့ရဲ့ ပါတ်ဝန်းကျင်ကို စပြီး မှတ်မိလာကြပါတယ်။ ဖေဖေ မေမေ ကို စသိလာတယ်။ ပါတ်ဝန်းကျင်က အသံတွေကို စပြီး မှတ်မိလာတယ်။ သူတို့အမည်ကို သိလာတယ်။ အမှတ်ရစရာ ခရီးထွက်တာကို မှတ်မိတာမျိုး အစရှိတဲ့ မှတ်ဉာဏ်ကတော့ ကလေး အသက် ၃ နှစ်လောက် ရောက်တော့မှ စပြီး ဖွံ့ဖြိုး လာတာပါ။

ဒီ မှတ်ဉာဏ် ဖွံ့ဖြိုးမှု အဆင့်ဆင့်ဟာ သူ့အလိုလို သဘာဝအတိုင်း ဖွံ့ဖြိုး တိုးတက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် မိဘတွေ အနေနဲ့ ကလေးရဲ့ မှတ်ဉာဏ် ဖွံ့ဖြိုးမှု တိုးတက်တာကို အားပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

အတွေ့အကြုံအသစ်တွေပေးပါ

အတွေ့အကြုံ အသစ်တွေကို ကလေးက ကြုံတွေ့ရတိုင်း ကလေးရဲ့ ဦးဏှောက်ထဲက မှတ်ဉာဏ်ကို သိမ်းဆည်းတဲ့ အစိတ်အပိုင်းတွေကို လှုံဆော်မှု ပေးပါတယ်။ ဒီလှုံဆော်မှုတွေဟာ ကလေးရဲ့ ဦးဏှောက်ထဲက အာရုံကြောတွေကြားမှာ ဆက်သွယ်မှု လမ်းကြောင်း (connection) အသစ်တွေကို ဖန်တီးပေးပါတယ်။ ဒီလို connection တွေများလေလေ ကလေးဟာ ပိုပြီး ဉာဏ်ရည် ကောင်းလေလေ ဖြစ်ပါတယ်။ အတွေ့အကြုံ အသစ်တွေ ဆိုတာလဲ အထူးအထွေ မဟုတ်ပါဘူး။ ဥပမာ ရာဘာဘဲရုပ် လေးကို ဘယ်လေ ညှစ်ရမလဲဆိုတာကို ပြတာမျိုး၊ ပန်းခြံထဲသွားပြီး မျက်ခင်းပေါ်မှာ အတူ ကစားတာမျိုး၊ ကလေး ထိတွေ့ ကစားလို့ရတဲ့ Touch and Feel အရုပ်လေးတွေနဲ့ ကစားတာမျိုး အစရှိသဖြင့် ကလေးရဲ့ ထိမှုအာရုံ၊ အမြင်အာရုံ၊ အကြားအာရုံ အစရှိတာတွေကို လှုံ့ဆော်မှု ပေးတဲ့ activity  တွေ များများ လုပ်ပေးဖို့ပါ။

ထပ်ခါထပ်ခါပြုလုပ်ပါ

အမြဲတမ်း အတွေ့အကြုံ အသစ်တွေချည်း ဖြစ်နေစရာတော့ မလိုပါဘူး။ ရှိပြီးသားဦးဏှောက်ရဲ့  connection တွေကို ပိုအားကောင်းအောင် ပြုလုပ်နေကျ activity တွေကို ထပ်ခါထပ်ခါ ပြုလုပ်ပေးဖို့ လိုပါတယ်။ ထပ်ခါထပ်ခါ ပြုလုပ်တဲ့အတွက် ကလေးတွေရဲ့ မှတ်ဉာဏ်ကို တိုးတက်လာ စေပါတယ်။ ကလေးကြိုက်တဲ့ သားချော့တေး (nursery rhymes) တွေကို ထပ်ခါထပ်ခါ ဆိုပြတာမျိုး၊ သူကြိုက်တတ်တဲ့ ကစားနည်းကို မကြာခန ကစားတာမျိုး တွေဟာ ကလေးရဲ့ ဉာဏ်ရည် တိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ကလေးကိုစကားပြောပေးပါ

ကလေးကို မိဘက စကားများများ ပြောတဲ့ မိဘတွေရဲ့ ကလေးတွေဟာ ပိုပြီး ဉာဏ်ကောင်းကြပါတယ်တဲ့။ သူတို့ဟာ စကားကိုလဲ စောစော ပြောလေ့ရှိပြီး စကားလုံးလဲ ပိုကြွယ်ပါတယ်။ ကလေးအသက် ၄ လလောက်မှာ စပြီး ကလေးက အသံပြုတဲ့ အခါတိုင်း ကလေးကို ပြုံးပြတာ၊ စကားပြန်ပြောတာ၊ သူပြောတဲ့ အသံတွေကို ပြပြောတာ၊ မျက်လုံးချင်း ဆုံတာ အစရှိတာတွေကို ပြုလုပ်ပါ။ ပြီးရင် ကလေးက ပြန်တုန့်ပြန်နိုင်ဖို့ အချိန် ခနစောင့်ပါ။ ဒီနည်းနဲ့ ကလေးနဲ့ ကိုယ်နဲ့ အပြန်အလှန် စကားပြောတာကို ပုံမှန် ပြုလုပ်ပါ။ 

ကလေးကို စာဖတ်ပြ တာဟာလဲ အလွန်ပဲ အကြိုးရှိပါတယ်။ ကလေးတွေအတွက် ရေးထားတဲ့ စာအုပ်တွေဟာ စကားလုံးတွေ၊ အသံထွက်တွေကို ထပ်ခါထပ်ခါ ပြန်ကျော့ထားတာမို့လို့ ကလေးရဲ့ မှတ်ဉာဏ် တိုးတက်မှုကို အထောက်အကူ ဖြစ်စေပါတယ်။ ကလေးကို နိုင်ငံခြား ဘာသာစကား တစ်ခုခု သင်ပေးမယ်ဆိုရင် ဒီအချိန်ဟာ ကလေးကို အဲ့သည် ဘာသာနဲ့ ရေးထားတဲ့ ကလေးစာအုပ်တွေ ဖတ်ပြဖို့ အချိန်ကောင်းပါပဲ။ 

ကလေးရဲ့ ပါတ်ဝန်းက တွေ့မြင်နေကျ အရာဝတ္ထုတွေကို ညွှန်ပြပြီး အခေါ်အဝေါ်တွေ သင်ပေးနိုင်ပါတယ်။

ကလေးသီချင်းတွေဆိုပြပါ

ကလေးတွေဟာ သီချင်းလေးတွေ ကို နားထောင်ရတာ၊ သီဆိုရတာကို နှစ်သက်ပါတယ်။ ကလေးသီချင်း လေးတွေဟာ သံစဉ်လေးတွေ၊ ကာရံလေးတွေ နဲ့ဆိုတော့ ကလေးတွေ အနေနဲ့ မှတ်မိလွယ်ပါတယ်။ ကလေးတွေကို ကလေးသီချင်းလေးတွေ ဆိုပြပေး သင်ပေးခြင်းဟာ ကလေးရဲ့ မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ ပိုပြီး ထိရောက်အောင် သီချင်းဆိုတဲ့အခါ ကိုယ်ဟန် လှုပ်ရှားမှု လေးတွေပါ ထည့်သွင်းပြီး ဆိုပြပါ။ ဥပမာ Head, Shoulder, Knees and Toes သီချင်းဆိုတဲ့အခါ သက်ဆိုင်ရာ ခေါင်း၊ ပုခုန်း၊ ခြေလက်တွေကို ထိပြီး ဆိုတာမျိုးပေါ့။

ရယ်ပြပါ

ကလေးတွေဟာ ပျော်စရာ တွေနဲ့ ဆက်စပ်နေတဲ့ အဖြစ်အပျက်တွေ၊ လှုပ်ရှားမှုတွေကို ပိုပြီး မှတ်မိလွယ်ပါတယ်။ ဒါ့ကြောင့် ကလေးကို စကားပြောတဲ့ အခါမျိုး၊ ပုံလေးတွေ၊ အရောင်တွေ၊ shape တွေ၊ စကားလုံးတွေ သင်တဲ့အခါ ကလေးကို ပျော်ရွှင်ရီမောအောင် ရယ်စရာ မျက်နှာ အမျိုးမျိုး လုပ်ပြီး သင်ပေးပါတဲ့။ 

အထက်ပါ အချက်တွေဟာ တစ်ရက် တစ်ကြိမ် လုပ်ရုံနဲ့ ပြီးသွားမယ့် အရာမျိုး မဟုတ်ပါဘူး။ ကလေး ငယ်စဉ် ကတဲက တောက်ရှောက် ပြုလုပ်ရမယ့် အပြုအမူတွေ ဖြစ်ပါတယ်။ ဉာဏ်စွမ်းထက်သန်တဲ့ ကလေးတွေ ပြုစုပျိုးထောင် နိုင်ကြပါစေ။

Leave a Reply Cancel reply