ကလေးကိုပေးတဲ့ ကတိကိုမဖျက်ပါနဲ့

ကျွန်တော်တို့ မိဘလုပ်တဲ့သူ တော်တော်များများမှာ မကောင်းတဲ့ အကျင့််တစ်ခု ရှိပါတယ်။ အဲ့တာကတော့ ကိုယ့်ကလေး အရမ်းပြောရခက်လာရင် စကားနည်း ရန်ဆဲ နောင်ခါလာ၊ နောင်ခါဈေး၊ နောက်မှကြည့်ရှင်းမယ် ဆိုပြီး ကလေးကို အလွယ်တကူ ကတိပေးလိုက်တာပါ။ ပေးလိုက်တဲ့ ကတိကလဲ ဘာမှာ ကြီးကြီးမားမား မဟုတ်ပါဘူး။ အိပ်ရာကနိုးရင် ဈေးခေါ်သွားမယ် ဆိုတာမျိုး၊ နောက်တစ်ခေါက် ဈေးသွားမှပဲ အရုပ်ဝယ်ပေးမယ် ဆိုတာမျိုး၊ အသေးအမွှား လေးတွေပါ။ ကလေးက မေ့သွားမှာပဲ ဆိုပြီး လွယ်လွယ်ပဲ ကတိပေးလိုက်ပါတယ်။ တကယ်တမ်း ကလေးက မမေ့တဲ့ အခါကျတော့ (ကလေးတွေဟာ လူကြီးတွေထက် အမှတ်သညာ ကောင်းကြပါတယ်)၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ကတိကို ဖျက်ဖို့ကြိုးစား ကြပါတယ်။ လူကြီးလုပ်တဲ့ သူရဲ့ စိတ်ထဲမှာတော့ ဒါအသေးအမွှားပါလို့ ထင်ပေမယ့် ကလေးအတွက်ကတော့ အလွန်တရာ ပြစ်မှုကြီးမားသော ကတိဖောက်ဖျက်မှုကြီးပါပဲ။ ဒီလို လူကြီးလုပ်တဲ့သူက ကတိမတည်တဲ့ အခါမျိုးတွေ များလာတော့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လာ နိုင်ပါတယ်။ အောင်မှာ ဘာ့ကြောင့် လူကြီးတွေဟာ ကလေးတွေကို ပေးတဲ့ ကတိတွေကို စောင့်ထိန်းသင့်သလဲ၊ အလွယ်တကူ မဖျက်ပစ် သင့်သလဲဆိုတဲ့ အကြောင်းပြချက် (၅) ချက်ကို ဖော်ပြပေး ထားပါတယ်။

(၁) ကလေးတွေကိုပေးတဲ့ ကတိကို စောင့်ထိန်းခြင်းအားဖြင့် ကလေးတွေဟာ လူကြီးမိဘတွေပြောတဲ့စကားတွေကို ယုံကြည်မှု ရစေပါတယ်

ကျွန်တော်တို့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဆိုဆုံးမတဲ့ စကားတွေကို ကလေးက အလေးထား နားထောင်ပြီး ယုံယုံကြည်ကြည်နဲ့ လိုက်နာစေလိုပါတယ်။ ဒါပေမယ့် အကယ်လို့ မိဘလုပ်သူက ကလေးကို ကတိတွေပေးပြီး မတည်ပဲ ဖျက်ပစ်တတ်တယ်ဆို ဒီမိဘက ပြောတဲ့စကားတွေကို ဘယ်ကလေးက ယုံကြည်တော့မှာလဲ။ ဒီတစ်ခါလဲ အင်ပါပဲ ဆိုပြီးတော့ပဲ ကလေးက တွေးတော့မှာပေါ့။ မိဘက ကတိတည်ခြင်းအားဖြင့် ကလေးက မိဘပြောတဲ့ စကားတွေကို ယုံကြည်စေတဲ့အတွက် မိဘစကား နားထောင်တဲ့ သားသမီးကောင်းလေးတွေ ဖြစ်လာဖို့ လေ့ကျင့်ပေးရာ ရောက်ပါတယ်။ ဒါ့ကြောင့် စကားနားထောင်တဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေ ဖြစ်စေချင်ရင် အရင်ဆုံး ကိုယ်က ကလေးကို ပေးတဲ့ ကတိကို တည်အောင် အရင်လိုက်နာ လုပ်ဆောင်ပေးပါ။ (ကတိမတည်နိုင်ရင် အစကတဲက မပေးပါနဲ့။ ပေးပြီးရင်လဲ အလွယ်တကူ မဖျက်ပြစ်ပါနဲ့။)

(၂) လူကြီးက ကတိတည်တာကို ပြခြင်းဟာ ကလေးရဲ့ စိတ်ဓါတ်တည်ကြည်မှုကို ဖြစ်စေပါတယ်

စိတ်ဓါတ်တည်ကြည် တဲ့သူတစ်ယောက်ဟာ ကတိတစ်ခုကို အလွယ်တကူ မပေးသလို၊​ပေးပြီးကတိ တစ်ခုကိုလဲ အလွယ်တကူ ဖျက်ပြစ်လေ့ မရှိပါဘူး။ သူပြောတဲ့ စကားကိုလဲ အများက လေးလေးစားစား နားထောင်တတ်ကြပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ ပြောပြီးစကား တည်စေ ဖြစ်ဖို့လိုပါတယ်။ ဒီလို စိတ်ဓါတ်တည်ကြည်တဲ့ သားကောင်း သမီးကောင် ဖြစ်ဖို့ဆိုရင် မိဘကလဲ စံပြပြုမူနေထိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မိဘက သားသမီးကို ပေးတဲ့ ကတိကို တည်ကြောင်း ပြတာဟာ သားသမီးကို စိတ်ဓါတ်တည်ကြည်သူတွေ ဖြစ်အောင် အကောင်းဆုံး လေ့ကျင့်ပေးခြင်းပဲ ဖြစ်ပါတယ်။

(၃) ကလေးကိုပေးတဲ့ ကတိကို စောင့်ထိန်းတာဟာ သူတို့ဟာ သင့်အတွက် အရေးပါတယ်လို့ သွယ်ဝိုက်ပြီး အသိပေးခြင်းဖြစ်ပါတယ်

အကယ်လို့ သင်ဟာ သင့်မိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေကို ပေးတဲ့ ကတိတွေကိုကျတော့ မဖျက်ပဲ ကလေးကို ပေးတဲ့ ကတိကိုကျတော့ ဖျက်ပြစ်တယ်ဆိုရင် (လူကြီးအချင်းချင်းကြတော့ ကတိဖျက်ရင် မျက်နှာပျက်ရနိုင်တာကိုး) ကလေးက မသိဘူး မထင်ပါနဲ့။ သူတွေ့တာ မြင်တာတွေကို ကလေးတွေဟာ သဘောပေါက်နိုင်တဲ့ ဉာဏ်စွမ်းဉာဏ်စ ရှိကြပါတယ်။ ဒါကိုမြင်ရင် ကလေးက ဘယ်လိုခံစားရမလဲ။ သူများတွေကိုကျတော့ တည်ပြီး ငါ့ကိုပေးတဲ့ ကတိကျတော့ ဖျက်ပြစ်တာဟာ သူတို့ကို အလေးထားပြီး ငါ့ကိုကျတော့ အလေးမထား၊ တန်ဖိုးမထားလို့ (တနည်းအားဖြင့် ငါ့ကို အခြားသူတွေလောက် မချစ်လို့) လို့ ကလေးက မြင်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်က ကိုယ့်ကလေးကို ချစ်ကြောင်း၊ အလေးထားကြောင်း၊ တန်ဖိုးထားကြောင်း ကလေးကို သိစေချင်ရင် ဘယ်တော့မှ ကလေးကို ပေးတဲ့ ကတိကို မဖျက်ပါနဲ့။

(၄) ကလေးကိုပေးတဲ့ ကတိကို စောင့်ထိန်းခြင်းအားဖြင့် ကလေးက မိဘအပေါ် ရိုသေလေးစား စိတ်ကို ဖြစ်စေပါတယ်

မကြာခဏ အခြားမိဘတွေက သူတို့ကလေးတွေဟာ သူတို့အပေါ် လေးစားရိုသေမှု မရှိကြဘူးဆိုပြီး ညည်းညူတာ ကြားဖူးပါလိမ့်မယ်။ အထူသဖြင့် ကလေးတွေ အပျိုလူပျို ဖြစ်လာတဲ့ အခါမျိုးမှာ ပိုဆိုးပါတယ်။ ဒီလိုမဖြစ်စေချင်ရင် မိဘလုပ်သူက ကလေးရဲ့ မိဘအပေါ် ရိုသေလေးစားစိတ်ကို ငယ်ငယ်ကတဲက မွေးမြူပေးဖို့ လိုအပ်ပါတယ်။ မိဘက ကတိတည်တယ်ဆိုတာ ကလေးကသိရင် ကိုယ့်မိဘရဲ့ စကားနဲ့ လုပ်ဆောင်ချက်အပေါ်မှာ ကလေးက ယုံကြည်မှု ရှိပြီး မိဘအပေါ် ရိုသေလေးစားမှုကိုလဲ အားကောင်းစေပါတယ်။

(၅) မိဘက ကလေးအပေါ် ကတိတည်ခြင်းဟာ ကလေးကို လူမှုဆက်ဆံရေး ကောင်းအောင် လေ့ကျင့်သင်ကြားပေးခြင်းပဲ ဖြစ်ပါတယ်

လူအချင်းချင်း ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးဟာ အခြင်းခြင်း ယုံကြည်မှုပေါ်မှာ အခြေခံတာပါ။ အိမ်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ၊ အလုပ်ထဲမှာ ဖြစ်စေ ဘယ်နေရာမှာ မဆို အချင်းချင်းယုံကြည်မှုရှိရင် ဆက်ဆံရေး ကောင်းမွန်ကြပါတယ်။ ဒီလို ယုံကြည်မှု ရှိဖို့ဆိုတာ ကိုယ်ကိုယ်တိုင်က ယုံကြည်မှုရှိတာ ခံရတဲ့သူ ဖြစ်ဖို့လိုပါတယ်။ ကလေးကို မိဘက ပေးတဲ့ကတိကို တည်တာဟာ ကလေးကို သူများကို ယုံကြည်မှု ထားတတ်ဖို့ သင်ကြားပေးတာ ဖြစ်သလို ကတိတည်တဲ့၊ အများက ယုံကြည်မှု ခံရတဲ့ သူတစ်ဦး ဖြစ်လာဖို့အတွက် လေ့ကျင့်သင်ကြားပေးရာလဲ ရောက်ပါတယ်။

ဒါ့ကြောင့် ကလေးကို ကတိတစ်ခုကို လွယ်လွယ် မပေးပါနဲ့။ ပေးပြီးရင်လဲ အလွယ်တကူ မဖျက်ပြစ်ပါနဲ့။ ကလေးကို ပေးတဲ့ ကတိကို တည်နိုင်အောင် ကြိုးစားပါ။ ဒီလို ကလေးကို ကတိတည်ကြောင်း ပြတာဟာ ကလေးရဲ့ နောင်ရေးအတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ အကောင်းဆုံး လေ့ကျင့်သင်ကြား ပြင်ဆင်ပေးခြင်းပဲ ဖြစ်ပါတယ်။

Reference: iMOM | 5 Reasons for keeping promises to your child

Leave a Reply Cancel reply