ကစားစရာ တွေက ကလေးတွေရဲ့ ဖွံဖြိုးမှုအတွက် အရေးပါပါတယ်

ကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုအထောက်အကူ ပြုသလဲ

ကလေးတစ်ယောက် သူ့ပါတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲ ဆိုတဲ့ အမြင်ဟာ သူ့ကို ထိန်းကျောင်းတဲ့ မိခင် (သို့) ကလေးထိန်းရဲ့ လက်ပါ်မှာ အစပြုပြီး တဖြည်းဖြည်း ဖွံ့ဖြိုး လာတာပါ။ သူတို့လေးတွေ သူတို့ရဲ့ ပါတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲ ဆိုတဲ့ အမြင်ဟာ သူတို့ရဲ့ အရှေ့မှာ ဘာတွေမြင်ရ တွေ့ရလဲ ဆိုတာက အများကြီး လွမ်းမိုးနေပါတယ်။ သူတို့တွေ မိခင်ရဲ့ ဝမ်းထဲမှာ ရှိနေချိန်ကစလို့ ဆယ်ကျော်သက် အရွယ် ဝင်သည့်အချိန်အထိ သူတို့ဟာ ရေမြှုပ်လိုပါပဲ။ သူတို့ပါတ်ဝန်းကျင်က မြင်သမျှ၊ ကြားသမျှကို စုပ်ယူပြီး ပတ်ဝန်းကျင်အပေါ် သူတို့ရဲ့ အမြင်ကို ပုံဖော်ကြတာပါ။

ဒီအချက်ဟာ အခြေအနေပေါ်မူတည်ပြီး ကောင်းကျိုးရော၊ ဆိုးကျိုးပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒါကို အကြိုးရှိစွာ အသုံးချ တတ်မယ် ဆိုရင်ိတော့ ကလေးရဲ့ အနာဂါတ်အတွက် အခြေခံကောင်းတွေကို တည်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်။

မိမိရဲ့ ရင်သွေးကို ကျန်မာသန်စွမ်းပြီး တာဝန်သိတတ်တဲ့ လူချွန်လူကောင်းလေးတွေ ဖြစ်လာစေဖို့ ပြုစုပျိုးထောင် ပေးလိုတာဟာ မိဘတိုင်းရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။ ကလေးတွေကို ကာယ၊ ဉာဏ ဖွံ့ဖြိုးတဲ့ လူချွန်လူကောင်းလေးတွေ ဖြစ်လာအောင် ကစားစရာ တွေက ဘယ်လိုအထောက်အကူ ပြုနိုင်မလဲ ဆိုတာကို ဆက်လက် အကြံပြု ဆွေးနွေးထားပါတယ်။

ကလေးတွေဟာ စာသင်တာထက် ကစားရာကနေ ပိုပြီး သင်ယူနိုင်ကြတယ်

ဒါ့ကြောင့်မို့လို့လဲ မူလတန်းကြို ကျောင်းတွေမှာ ကလေးတွေကို ကစားနည်းတွေနဲ့ တွဲဖက်ပြီး သင်ကြားခြင်းတွေကို ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။ ဥပမာ ကလေးကဗျာလေးတွေနဲ့ စာသင်တာမျိုးပေါ့။ သူတို့လုပ်ကိုင်နေတာကို ပျော်ရွှင်တဲ့ ကလေးတွေဟာ သင်ကြားတတ်မြောက်မှုလဲ ပိုကောင်းပါတယ်။ ဒီလို စိတ်ဝင်စားစရာ လုပ်ဆောင်မှု (activity) တွေကနေ သင်ကြားတာဟာ စာအုပ်ကြီး ထိုးပေးပြီး အတင်း စာဖတ်ခိုင်းတာထက် ပိုပြီး ထိရောက်ပါတယ်။

ရုပ်ပုံတွေဟာ စာလုံးတွေထက် ပိုပြီးထီရောက်တယ်

သင့်ကလေးဟာ စာဖတ်တာကို ဝါသနာ ပါတယ်ဆိုရင်တောင် ကလေးတွေဟာ ရုပ်ပုံတွေကို ပိုပြီးနှစ်သက်တယ် ဆိုတာကို သတိမမေ့သင့်ပါ။ စာအုပ်ထဲက ဆေးရောင်တောက်တောက်လေးနဲ့ ရုပ်ပုံတွေကို ဖြစ်စေ၊ ဗီဒီယို ကြည့်ရတာပဲဖြစ်စေ၊ အရောင်လှလှနဲ့ အရုပ်ကလေးတွေကို ဖြစ်စေ မျက်မြင် ဆွဲဆောင်မှုရှိတဲ့ အရာတွေကို သူဟာပိုနှစ်သက်ပါလိမ့်မယ်။ ဒါ့ကြောင့်လဲ ကလေးကစားစရာ အများစုဟာ ဆေးရောင်တောက်တောက် လှလှ ချယ်ထားကြတာ ဖြစ်ပါတယ်။ ဒီလို အရောင်စုံ ကစားစရာတွေဟာ ကလေးတွေကို အရောင်တွေ ခွဲခြားတတ်လာအောင် သင်ကြားပေးပါတယ်။

ကစားစရာတွေဟာ ကလေးရဲ့ လှုပ်ရှားမှု စွမ်းရည်ကို တိုးတက်လာစေပါတယ်

ကလေးတွေရဲ့ ကိုယ်ကာယ လှုပ်ရှားမှုကို အားပေးတဲ့ ကစားစရာတွေဟာ ကလေးရဲ့ ကာယ လှုပ်ရှားမှု စွမ်းရည် အားကောင်းလာအောင် လေ့ကျင့်ပေးပါတယ်။ ကစားစရာ ကလေးတွေကို ကိုင်တွယ်ကစား ရတဲ့အတွက် Fine Motor Skill လို့ခေါ်တဲ့ အနုစိတ် လှုပ်ရှားမှု စွမ်းရည်ကို တိုးတက်လာ စေပါတယ်။ အမြင်နဲ့ လက်လှုပ်ရှားမှုကို ဟန်ချက်ညီညီ လှုပ်ရှားနိုင်စွမ်း (eye-hand coordination) လဲ တိုးတက်လာစေပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ ကိုယ်ကာယ လှုပ်ရှားမှု စွမ်းရည် တိုးတက်စေလိုရင် ကလေးကို လှုပ်လှုပ်ရှားရှား ကစားရတဲ့ ကစားစရာတွေ ဝယ်ပေးဖို့ လိုပါတယ်။

အရုပ်တွေက ကလေးရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ရင့်သန်လာစေပါတယ်

အထူးသဖြင့် စဉ်းစားရတဲ့ ဉာဏ်စမ်း ကစားနည်း မျိုးတွေဟာ critical thinking လို့ခေါ်တဲ့ ဆက်စပ် ပိုင်းခြားတွေးခေါ်နိုင်စွမ်းကို တိုးတက်လာစေ နိုင်ပါတယ်။ ကလေးကို စာအုပ်ကြီး ထိုးပေးပြီး အတင်း စာဖတ်ခိုင်းတာထက် ဦးဏှောက်ကို အသုံးချရတဲ့ ကစားနည်းမျိုးတွေ ကစားစေတာက critical thinking skill တိုးတက်လာအောင် ပိုပြီး အထောက်အကူ ပြုနိုင်ပါတယ်။

ပစ္စည်း (အရုပ်) တွေကြားက တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုကို သိလာပါတယ်။

ကလေးတွေဟာ လူ၊ တိရိစ္ဆာန်နဲ့ အရာဝတ္ထုတွေ တစာခုနဲ့ တစ်ခု ဆက်စပ်မှုကို ဟန်လုပ်သရုပ်ဆောင်မှု (Role Playing) ကနေသင်ကြား တတ်မြောက်ကြပါတယ်။ သူတို့ဟာ သူတို့ပါတ်ဝန်းကျင်ကို ကြည့်ရှုပြီး မြင်တွေ့ရတာတွေကို သူတို့ရဲ့ ကစားစရာ အရုပ်လေးတွေ၊ ကစားဖော်တွေနဲ့ ဟန်လုပ်တုပ ကစားကြပါတယ်။ ဒီနည်းနဲ့ သင်ယူရာမှာ မိဘလုပ်သူက ကလေးနဲ့အတူ ကစားရင်း ကလေးတွေကို လမ်းညွှန်မှု ပေးမယ်ဆိုရင် ကလေးက ပိုပြီး တတ်မြောက်တာ မြန်လာပါလိမ့်မယ်။ ဥပမာ ငှက်ကလေးက ကောင်းကင်မှာ ပျံပြီး သစ်ပင်ပေါ်မှာ နေတယ်၊ ငါးကလေးက ရေထဲမှာ နေပြီး ရေကူးနိုင်တယ် စတာမျိုးကို သရုပ်ဆောင်ပြီး သင်ကြားပေးနိုင်ပါတယ်။

ကစားခြင်းကနေ လူမှုပါတ်ဝန်းကျင်ကို သဘောပေါက်လာ စေနိုင်တယ်

အရုပ်ကလေးတွေနဲ့ ကစားရာကနေ လူမှုပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကို သဘောပေါက်လာ စေနိုင်ပါတယ်။ ဥပမာ ဆရာဝန်အရုပ်၊ စစ်သားရုပ်၊ ကျောင်းဆရာမ အရုပ်ကလေးတွေနဲ့ ကစားရာကနေ ဒီ အလုပ်အကိုင်တွေနဲ့ ပါတ်သက်တဲ့ လူမှုဆက်ဆံရေး စည်းမျဉ်းတွေ၊ အမူအကျင့်တွေကို တဖြည်ဖြည်း နားလည်လာ စေပါတယ်။ မိဘတွေက ကလေးတွေနဲ့ အတူကစားရင်း ကလေးကို မှန်ကန်တဲ့ လူမှုဆက်ဆံရေး အမူအကျင့်တွေ သင်ကြားပေးနိုင်ပါတယ်။

သူတို့ကိုယ်ကို ထုတ်ဖော်ပြဖို့ အခွင့်အရေး ဖန်တီးပေးတယ်

ကစားစရာ အရုပ်ကလေးတွေဟာ ကလေးကို သူတို့ကိုယ် သူတို့ ထုတ်ဖေါ်ပြဖို့ အခွင့်အလမ်း ဖန်တီးပေးပါတယ်။ အထူးသဖြင့် သူတို့ အနှစ်သက်ဆုံး အရုပ်မျိုးဆိုရင်ပေါ့။ ဒီအရုပ်လေးနဲ့ ဟန်လုပ်စကားပြောတာ၊ ဟန်လုပ် သရုပ်ဆောင်တမ်း ကစားတာမျိုးကနေ ကလေးဟာ သူတို့ရဲ့ စိတ်ကူးတွေ၊ အကြံဉာဏ်တွေ၊ စိတ်ခံစားမှုတွေကို ထုတ်ဖေါ်ခွင့် ရကြပါတယ်။ ဒါဟာ ရေရှည်မှာ ကလေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတက်လာ စေနိုင်ပါတယ်။

ကစားစရာတွေကတဆင့် ပိုင်ဆိုင်မှု၊ ထိန်းသိမ်းမှု၊ ဝေမျှကစားတတ်မှု စတာတွေကို နားလည် သဘောပေါက် လာစေပါတယ်

ကလေးကို အရုပ်ကလေး ဝယ်ပေးခြင်းဟာ ကလေးကို ဒီအရုပ် ကလေးကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာကို သင်ပေးခြင်း တမျိုးပါပဲ။ ဒီကနေ ပိုင်ဆိုင်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှု အစရှိတာတွေကို နားလည်လာပါတယ်။ ဒီအရုပ်ကလေးကို သေခြာ မထိမ်းသိမ်းဘူးဆို ပျက်စီးသွားမယ် ဆိုတာ သိလာပြီး တာဝန်ယူတတ်မှု (Responsibility) ဆိုတာကို နားလည်လာ စေပါတယ်။ ဒါ့အပြင် သူ့ ညီအကို မောင်နှမ တွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဝေမျှကစားတတ်လာပါမယ်။

သတိပြုဖွယ် အချက်များ

အရုပ်တွေနဲ့ ကစားတဲ့ အခါမှာ တချို့အရုပ်တွေဟာ ကလေးကို သူတို့ရဲ့ ပြင်ပ ရုပ်ပုံနဲ့ ပါတ်သက်ပြီး မှားယွင်းတဲ့ အမြင်မျိုး ဝင်သွားစေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဥပမာ မိန်းကလေးအရုပ် လှလှလေးတွေနဲ့ ကစားရင်း ရုပ်လှဖို့ အရေးကြီးတယ် ဆိုတဲ့ အမြင်မျိုး ဝင်သွားတာမျိုးပါ။

သုတေသန ပြုချက်တွေအရ မိန်းကလေး ရုပ်တွေဟာ ကလေးတွေကို နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ အမူအကျင့်ကို ဖွံ့ဖြိုးစေနိုင်သလို တချိန်ထဲမှာ မိမိရဲ့ ပြင်ပရုပ်ပုံနဲ့ ပါတ်သက်ပြီး အလွန်အမင်း ဂရုပြုတဲ့ အမူအကျင့် ဖြစ်ပေါ်လာအောင် အားပေးတယ်လို့ ဆိုပါတယ်။ နောက်ပြီး မိန်းကလေး အရုပ်တွေနဲ့ ကစားခြင်းဟာ ကလေးရဲ့ သင်္ချာစွမ်းရည်ကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ယောက်ျားလေး အရုပ်တွေကတော့ ကလေးတွေကို ရန်လိုပြီး ကြမ်းတမ်းတဲ့ အမူအကျင့်တွေ ဖြစ်ပေါ်လာအောင် အားပေးပေမယ့် တဖက်မှာလဲ ကလေးရဲ့ ခွဲခြမ်းစိတ်ဖြာ တွေးခေါ်မှု စွမ်းရည်နဲ့ သင်္ချာစွမ်းရည်ကို အားကောင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကလေးကို ငယ်စဉ်မှာ ယောက်ျားလေးရုပ်ရော မိန်းကလေး ရုပ်တွေနဲ့ပါ ထိတွေ့ခွင့်ပေးဖို့ ပညာရှင်တွေက အကြံပြု ကြပါတယ်။

ကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဉာဏ်ရည်တိုးတက်မှု၊ လူမှုဆက်ဆံရေး စွမ်းရည် တိုးတက်မှု၊ တီထွင်ဖန်တီးနိုင်စွမ်း ရင့်သန်မှု စတာတွေအတွက် အရေးပါပါတယ်။ ဒါပေမယ့် ကလေးကစားတဲ့ အရုပ်တွေဟာ အထက်ပါ စွမ်းဆောင်ရည်တွေ တိုးတက်ဖို့ အထောက်အကူ ပြုတဲ့ အရုပ်တွေ ဖြစ်ဖို့ မိဘလုပ်သူတွေက ဂရုပြုဖို့ လိုတယ်လို့ ပညာရှင်တွေက ထောက်ပြထားပါတယ့်။

Leave a Reply Cancel reply