မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်

မိမိကိုယ်ကိုယ် တန်ဖိုးထားမှုဟာ ဘဝမှာ အောင်မြင်မှုရဖို့ အရေးပါကြောင်း ကျွန်တော်တို့ တင်ပြခဲ့ ပါတယ်။ ဒီအပါတ်မှာတော့ မိဘတွေအနေနဲ့ ကလေးတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှုကို မြင့်တက်အောင် ပြုစုပျိုးထောင်ဖို့ လွယ်လွယ်ကူကူ လိုက်နာလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြပေးပါ့မယ်။

၁။ ကလေးတွေကို ရွေးချယ်ခွင့် ပေးပါ

ကလေးတွေကို သူတို့လုပ်ဆောင်မယ့် အပြုအမူတွေအတွက် ရွေးချယ်ခွင့်ပေးတာဟာ ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုနဲ့ တန်ဖိုးထားမှုကို မြင့်တက်လာစေပါတယ်။ ရွေးချယ်ခွင့်ဆိုရာမှာ သူကြိုက်တာ သူလုပ်ခွင့်ပေးတာ မဟုတ်ပဲ မိဘက ကြိုတင်ပြီး ရွေးချယ်ပေးထားတဲ့ ရွေးချယ်ခွင့်တွေထဲက ရွေးချယ်ခွင့် ပေးဖို့ လိုပါတယ်။ ဥပမာ၊ မနက်စာအတွက် ဆံပြုတ်နဲ့ ပေါင်မုန့်ထောပတ်သုတ် နှစ်ခုထဲက ကြိုက်ရာ ရွေးချယ်ခွင့် ပေးတာမျိုး၊ ထမင်းအရင်စားမလား၊ ရေအရင် ချိုးမလား ရွေးချယ်ခွင့် ပေးတာမျိုး၊ အရုပ်နှစ်မျိုးထဲက ဘယ်အရုပ်ကို ဝယ်မလဲ ရွေးချယ်ခွင့် ပေးတာမျိုး။

၂။ ကလေးအတွက် အကုန်လုံး လူကြီးတွေက လုပ်မပေးပါနဲ့

ကလေးကို သူလုပ်နိုင်မယ့် အရာတွေကို သူ့ဟာသူ လုပ်ပါစေ။ လူကြီးတွေက ကလေးတွေအတွက် အကုန်လုပ်ပေးတဲ့ အချက်ထဲမှာ အဓိက အကြောင်းရင်း တစ်ချက်ကတော့ ကလေးကလုပ်ရင် အချိန်ကြာတော့ လူကြီးလုပ်တဲ့ သူက စိတ်မရှည်တော့ပဲ လုပ်ပေးလိုက်တာပါ။ ဥပမာ ကလေးက အင်္ကျီဝတ်ရင် အချိန်ကြာတော့ လူကြီးလုပ်သူက စိတ်မရှည်ပဲ ဝတ်ပေးလိုက်တာမျိုးပေါ့။ စိတ်ရှည်ပါ။ ကလေးအတွက် အင်္ကျီဝတ်တာဟာ သူကျော်လွှားရမယ့် အခက်အခဲ တစ်ခုဖြစ်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ရင် ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု မြင့်တက်လာမှာ ဖြစ်ပါတယ်။

၃။ ဘယ်သူမှာ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ဘူးဆိုတာ ကလေးသိအောင် ရှင်းပြပါ

ကလေးက တစ်ခုခုကို မလုပ်နိုင်တဲ့အခါ၊ ဒါမှမဟုတ် ပြည့်စုံအောင် မလုပ်နိုင်တဲ့အခါ ဝမ်းနည်းပြီး စိတ်ဓါတ်ကျတတ်ပါတယ်။ ဘယ်သူမှ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ဘူးဆိုတာ နားလည်အောင် ရှင်းပြပါ။ သူ့အနေနဲ့ ကိစ္စအားလုံးကို ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်အောင်လုပ်စရာ မလိုဘူးဆိုတာ နားလည်အောင် ရှင်းပြပါ။ မိဘကလဲ ကိုယ့်ကလေး မလုပ်နိုင်ရင် ဆူတာ၊ အပစ်တင်တာ၊ ဒါမှမဟုတ် ဒါလေးတောင် မလုပ်နိုင်ရကောင်းလားဆိုတာကို ကိုယ်အမူအရာနဲ့ ပြတာတွေ ရှောင်ကျဉ်ဖို့ လိုပါတယ်။

၄။ အနှစ်မပါတဲ့ ချီးမွမ်းမှုတွေကို ရှောင်ကျဉ်ပါ

အနှစ်မပါတဲ့၊ မမှန်တဲ့ ချီးမွမ်းမှုတွေကို ကလေးတွေက အလွယ်တကူ သိမြင်နိုင်ပါတယ်။ ဒီလို အနှစ်မပါတဲ့ ချီးမွမ်းမှုတွေ များလာရင် ကလေးက တဖြည်းဖြည်း ကိုယ့်အလုပ်အပေါ် ယုံကြည်မှု ကင်းမဲ့လာပါမယ်။ ဥပမာ “ဟာသားလေးဆွဲတဲ့ ပုံက သိပ်လှတာပဲ၊ သားက ကမ္ဘာ့အတော်ဆုံး ပန်းချီဆရာကြီးပဲ” ဆိုတဲ့ ချီးမွမ်းမှုမျိုးဟာ မမှန်ဘူးဆိုတာ ကလေးတွေ သိကြပါတယ်။ ဒီအစား “သားက သေသေချာချ ဆွဲထားတာပဲ၊ အရောင်ကလေးတွေကလဲ စုံလို့၊ အိမ်မှာ ပြတင်းပေါက်လေးတွေတောင် ပါအောင် ဆွဲထားသေးတယ်” ဆိုတာမျိုးဟာ သူ့တကယ့်လုပ်ဆောင်မှုကို ချီးမွမ်းတာ ဖြစ်လို့ ကလေးက ဂုဏ်ယူတတ်ပါလိမ့်မယ်။

၅။ ကလေးအသက်နဲ့ လိုက်ဖက်တဲ့ အိမ်အလုပ်တွေ လုပ်ခိုင်းပါ

ကလေးရဲ့ အသက်အရွယ်အလိုက် သူလုပ်နိုင်မယ့် အိမ်အလုပ်ကလေးတွေကို ဂျူတီသတ်မှတ်ပြီး လုပ်ခိုင်းပါ။ ဥပမာ သူ့အဝတ်ဟောင်းတွေ အဝတ်ဟောင်းခြင်းထဲ ထည့်ခိုင်းတာမျိုး၊ စားပြီးတဲ့ ပန်းကန်တွေ ပန်ကန်ဆေးစင်မှာ သွားထားခိုင်းတာမျိုးလို လွယ်ကူတဲ့ အလုပ်တွေ လုပ်ခိုင်းပါ။ ဒါဟာ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြင့်တက်လာ စေပါတယ်။

ကလေးရဲ့ အသက်အရွယ်အလိုက် သူလုပ်နိုင်မယ့် အိမ်အလုပ်ကလေးတွေကို ဂျူတီသတ်မှတ်ပြီး လုပ်ခိုင်းပါ။

၆။ ကလေးတွေအချင်းချင်း ယှဉ်တာမျိုးကို ရှောင်ကျဉ်ပါ

ကလေးကို သူ့အကိုအမတွေနဲ့ ယှဉ်တာမျိုးပဲဖြစ်ဖြစ်၊ တစ်ခြားကလေးတွေနဲ့ ယှဉ်တာမျိုးပဲ ဖြစ်ဖြစ် ဘယ်တော့မှ မလုပ်ပါနဲ့။ ကလေးက သိမ်ငယ်စိတ် ဝင်သွားတတ်ပါတယ်။ ကလေးတိုင်းဟာ သူ့ကိုယ်ပိုင်စွမ်းရည်နဲ့ အရည်အချင်းရှိတယ်ဆိုတာ မိဘတိုင်းက နားလည်လက်ခံဖို့ လိုပါတယ်။

၇။ ကလေးကိုယ် သိမ်ငယ်စေမယ့် နာမည်ပြောင်တွေ နဲ့ ခေါ်တာမျိုးတွေကို ရှောင်ကျဉ်ပါ

ဒီလို နာမည်ပြောင်တွေ (ဥပမာ ငထစ်လို့ ခေါ်တာမျိုးတွေ၊ နံဆော်ပုပ်လို့ ခေါ်တာမျိုးတွေ၊ ငထိုင်းလို့ ခေါ်တာတွေ) ကလေးကို မိဘက ရည်ရွယ်တာမဟုတ်ပဲနဲ့ သိမ်ငယ်စိတ် ဝင်သွားစေနိုင်ပါတယ်။ အထူသဖြင့် မိဘလုပ်သူက ကိုယ်လုပ်စေချင်တာကို ကလေးက လိုက်မလုပ်တဲ့ အခါမျိုး၊ နားမထောင်တဲ့ အခါမျိုးမှာ ဒေါသထွက်ပြီး ဒီလိုမျိုးခေါ်တတ်ကြပါတယ်။ နောက်ပြီး ဒီလို ဒေါသထွက်နေချိန်မှာ ကလေးကို ရွဲ့ပြီး ပြောမိတာမျိုးတွေလဲ ရှိတတ်ပါတယ်။ ဒါမျိုးတွေဟာ ကလေးကို သိမ်ငယ်စိတ် ဝင်သွားစေတဲ့ အတွက် ရှောင်ကျဉ်သင့်ပါတယ်။

၈။ ကလေးနဲ့ နှစ်ယောက်ထဲ ရှိဖို့ အချိန်ပေးပါ

မိဘက အလုပ်များတော့ တစ်ခါတစ်လေ ကလေးနဲ့ မိဘ နှစ်ယောက်ထဲ ရှိတဲ့အချိန်မျိုးတွေ ကလေးကို မပေးနိုင်တာတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ကလေး တစ်ယောက်ထက်ပိုတဲ့ အခါမျိုးမှာ ကလေးတစ်ယောက်ထဲကို အချိန် မပေးနိုင်တာတာတွေ ရှိတတ်ပါတယ်။ ဒီအခါမျိုးမှာ ကလေးဟာ သူ့ကို မိဘက အခြားညီအကို မောင်နှမတွေလောက် မချစ်ဘူးဆိုတဲ့ အတွေးမျိုး ဝင်သွားတတ်ပါတယ်။ ဒီလိုမချစ်တာ ငါညံ့လို့ ဆိုတဲအတွေးမျိုးဝင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသွားတတ်ပါတယ်။ ကလေးတိုင်းကို တစ်ယောက်ချင်းစီအတွက် အနည်းဆုံး တစ်ပတ်မှာ နာရီအနည်းငယ် ပေးနိုင်ဖို့ ကြိုးစားပါ။ အဲ့ဒီအချိန်မှာ ဒီကလေးအတွက် အချိန်ပြည့် အာရုံစိုက်နိုင်ဖို့ ကြိုးစားပါ။ ဖုန်းတွေ၊ Facebook ပွတ်တာတွေ ခဏရှောင်ထားပါ။

ကလေးတိုင်းကို တစ်ယောက်ချင်းစီအတွက် အနည်းဆုံး တစ်ပတ်မှာ နာရီအနည်းငယ် ပေးနိုင်ဖို့ ကြိုးစားပါ။

Leave a Reply Cancel reply