သင့်ကလေး ဘဝမှာ အောင်မြင်စေချင်သလား၊ ကလေးကို များများ ကစားခိုင်းပါ

အချို့မိဘတွေက ကလေးတွေကို အောင်မြင်စေချင်တော့ ကျောင်းစာကို ဖိပြီး လုပ်ခိုင်းတတ်ပါတယ်။ ကလေးကို ကစားခွင့်မပေးပဲ၊ ဒါမှမမဟုတ် အချိန်နဲနဲပဲ ကစားခွင့်ပေးပြီး ကျောင်းစာကိုပဲ အချိန်ပြည့်နီးပါး လုပ်ခိုင်းတတ်ကြပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး သုတေသနပြု တွေ့ရှိချက်တွေအရ ဒါဟာမှားယွင်းတဲ့ အမူအကျင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ပါတ်သက်တဲ့ သုတေသနပြုချက် အများအပြားက ကလေးတွေ ငယ်စဉ်မှာ ကစားခုန်စားပြုတာဟာ အသက်ကြီးလာချိန်မှာ ကလေးရဲ့ လူမှုရေး ပေါင်းသင်းဆက်ဆံမှုစွမ်းရည်၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်မှု စွမ်းရည်နဲ့ ကျောင်းပညာရေးအောင်မြင်မှု စွမ်းရည်တွေကို အများကြီး အထောက်အကူ ပြုတယ်ဆိုတာ တွေ့ရှိလာလို့ပါပဲ။ Spiderman လို၊ Batman လို ဝတ်စားပြီး ကစားတာမျိုး၊ Lego လို အိမ်ဆောက်တဲ့ ဘလောက်တုံးတွေနဲ့ ကစားတာမျိုးတွေဟာ ကလေးတွေရဲ့ ဖန်တီးနိုင်မှုစွမ်းရည် (creativity) ကိုဖွံ့ဖြိုးစေပါတယ်။ ဒါ့အပြင် ကလေးရဲ့ စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်း (emotional intelligence) ကိုလဲ မြင့်တက်လာစေပါတယ်။

ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို လေ့လာတဲ့ သုတေသန ပညာရှင်တွေရဲ့ အဆိုအရ ကလေးရဲ့ ဉာဏ်ရည်၊ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်နဲ့ စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ စွမ်းရည်တွေ တိုးတက်လာစေဖို့ဆိုရင် ကစားတဲ့ ကစားနည်းတွေဟာ အောက်ပါအချက်နဲ့ ပြည့်စုံဖို့ လိုပါတယ်တဲ့။ အဲ့ဒါတွေကတော့

  • မိဘက အတင်းဖိအားပေး ကစားခိုင်းတဲ့ ကစားနည်းမျိုး မဟုတ်ပဲ ကလေးကိုယ်တိုင်က လိုလိုချင်ချင် ကစားချင်တဲ့ ကစားနည်းမျိုး ဖြစ်ရပါ့မယ်။
  • ကစားတဲ့အခါ ကလေးကို ပျော်ရွှင်မှု ဖြစ်စေရပါ့မယ်။ ပျင်းရိညည်းငွေ့ဖွယ် ကစားနည်းမျိုး မဖြစ်စေရပါဘူး။
  • ကစားနည်းဟာ ကလေးရဲ့ စိတ်အာရုံကို ကြာရှည်စွဲဆောင်နိုင်တဲ့ ကစားနည်းမျိုး ဖြစ်ရပါမယ်။
  • ပုံမှန်နေ့တဒူဝ အဖြစ်အပျက်တွေကနေ သွေဖယ်တဲ့ ကစားနည်းမျိုး (စိတ်အာရုံကွန့်မြူးပြီး ကစားရတဲ့ ကစားနည်းမျိုး၊ ဥပမာ – အာကသထဲ ခရီးသွားတာမျိုး)

ဘယ်လိုကစားနည်းမျိုးတွေက အထက်ပါအချက်တွေကို ဖြည့်ဆည်းပေးမလဲ

အောက်ပါကစားနည်းတွေဟာ ကလေးရဲ့ ဉာဏ်ရည်၊ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်နဲ့ စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ စွမ်းရည်တွေကို တိုးတက်မြင့်မား လာစေပါတယ်တဲ့။

  • စိတ်အာရုံကွန်းမြူးစေတဲ့၊ စဉ်းစားတွေးတောရတဲ့၊ စိတ်ကူးယာဉ်ရတဲ့ ကစားနည်းမျိုးတွေ၊ ဥပမာ – ပုံဆွဲတာ၊ သဲအိမ်ဆောက်တာ၊ ကခုန်တာ၊ စတာတွေဟာ ကလေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်း ကိုအားပေးပါတယ်။
  • ဘလောက်တုန်းတွေ၊ ကတ်ထူပြားတွေနဲ့ အိမ်ဆောက်တမ်း ကစားတာ။ ဒီကစားနည်းတွေဟာ ကလေးရဲ့ လက်တွေထိန်းချုပ်စွမ်းအားကို တိုးတက်လာစေတဲ့ အပြင်၊ စိတ်ရှည်မှု၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်မှုနဲ့ တီထွင်ဖန်တီးမှုတွေကို တိုးတက်စေပါတယ်။
  • ပြေးလွှားခုန်ပေါက်ကစားရတဲ့ ကစားနည်းတွေဟာ ကလေးရဲ့ ကာယဖွံ့ဖြိုးမှုကို အားပေးပါတယ်။ ဦးဏှောက်ကို သွေးသွားတာ များလာတဲ့အတွက် ဦးဏှောက်ရဲ့ ဖွံ့ဖြိုးမှုကိုလဲ အားပေးပါတယ်။
  • ဟန်လုပ်ရတဲ့ ကစားနည်းတွေ။ ဥပမာ ဆူပါဟီးရိုးတွေလို ဟန်လုပ် သရုပ်ဆောင်တာ၊ ကာတွန်းဇါတ်ကောင်တွေလို ဟန်လုပ် သရုပ်ဆောင်တာမျိုးတွေဟာ ကလေးရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ စိတ်အာရုံထိန်းချုပ်နိုင်စွမ်းတွေနဲ့ အများနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ လူအများနဲ့ ဆက်ဆံမှုစွမ်းရည် အစရှိတာတွေကို တိုးတက်စေပါတယ်။
ကလေးရဲ့ စိတ်အာရုံကို ကွန့်မြူးစေတဲ့ ကစားနည်းတွေဟာ ကလေးရဲ့ တီထွင်ဖန်နီးနိုင်စွမ်းရည်ကို တိုးတက်စေပါတယ်။

ဘယ်လိုကစားနည်းမျိုးတွေရှောင်သင့်သလဲ

အဓိက ရှောင်ကျဉ်သင့်တဲ့ ကစားနည်းတွေကတော့ ဖုန်းနဲ့ တီဗီဂိမ်းတွေပါပဲ။ အဲ့ဒီဂိမ်းတွေဟာ ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ဘာမှ အထောက်အကူ မပြုနိုင်တဲ့ အပြင် ကလေးဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ကစားနည်းတွေ ကစားဖို့ အချိန်တွေကိုလဲ လျှော့နည်းစေပါတယ်။ လေ့လာချက်တွေအရ ဖုန်းနဲ့ ဗီဒီယိုဂိမ်းတွေကစားတဲ့ ကလေးတွေဟာ ကျောင်းစာကို အာရုံစိုက်နိုင်စွမ်းအား လျော့နည်းပြီး သူတို့ရဲ့ စိတ်အာရုံခံစားမှုတွေကိုလဲ ထိန်းချုပ်နိုင်စွမ်း အားနည်းတတ်ကြပါတယ်။ တစ်ခုခုဆို အလွယ်တကူ စိတ်ဆိုးဒေါသဖြစ်လွယ်ပြီး အခြားကလေးတွေနဲ့ ဆက်ဆံရာမှာလဲ အားနည်းတတ်ကြပါတယ်။ ကလေးကို အစကတဲက အကျင့်လုပ်ပြီး ဖုန်းနဲ့ကစားတဲ့ အကျင့် မဖြစ်အောင် သတိပြုရှောင်ကျဉ်ကြပါ

Leave a Reply Cancel reply