ကလေးကို မရိုက်ပဲ ဘယ်လိုဆုံးမမလဲ

ပြီးခဲ့တဲ့ ဆောင်းပါးမှာ ကလေးတွေကို ဆုံးမတဲ့ နေရာမှာ ဘာ့ကြောင့် မရိုက်သင့်တာလဲ ဆိုတာကို ရေးသားခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ ကလေးတွေကို မရိုက်ပဲနဲ့ ဘယ်လိုစည်းကမ်း ထိန်းသိမ်းမလဲ ဆိုတာကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မိဘတိုင်းဟာ ကိုယ့်သားသမီးကို တိုးတက်အောင်မြင် ဖြစ်ထွန်းစေချင်ကြတာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်တဲ့ သားသမီးတွေ ဖြစ်ဖို့ လိုအပ်သလို သင်ကြားပေးတာ၊ လိုအပ်သလို စည်းကမ်းထိန်းသိမ်းတာတွေ ပြုလုပ်ကြရပါတယ်။ ဒီလိုစည်းကမ်းထိန်းတဲ့ နေရာမှာ၊ သင်ကြားပေးတဲ့ အခါမှာ တစ်ခါတစ်ရံ ပြောရဆိုရ ခက်တဲ့အခါမျိုးမှာ ကလေးကို ရိုက်နှက်ဆုံးမ ချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးကို ရိုက်နှက်ဆုံးမရင် ကောင်းကျိုးထက် ဆိုးကျိုးကသာ ပိုများတတ်တာမို့ မရိုက်သင့်ပါဘူး။ ဒါဆိုဘယ်လို ကလေးကို စည်းကမ်းထိန်းမလဲ။ ဘယ်လို ကိုယ်ညွှန်ကြားချက်အတိုင်း လိုက်ပါဆောင်ရွက်အောင် လုပ်မလဲ။

ကလေးတွေကို စည်းကမ်းထိန်းတဲ့နေရာမှာ ပထမဆုံး အောက်ပါအချက်တွေကို သတိပြုဖို့ လိုအပ်ပါတယ်။

  • စောစောစီးစီး စပါ။ ကလေးငယ်ငယ်လေး ကတဲက စည်းကမ်းကို စထိန်းပါ။ ကလေးငယ်တုန်းမှာ လုပ်ချင်ရာ လုပ်ခွင့်ပေးထားပြီး အသက် ၅ နှစ် ၆ နှစ်လောက် ကျတော့မှ ရုတ်တရက် ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ ထလုပ်ရင် ကလေးက ဘာကြောင့် အခုမှ လာပြီး စည်းကမ်းတွေ တင်းကြပ်ရတာလဲ ဆိုတာကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေးငယ်စဉ်ကတဲက စည်းကမ်းကို စပြီး ထိန်းပါ။
  • ကလေးတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းရမယ့် အမူအကျင့်တွေကို ကြိုတင်ပြီး ကလေးတွေ နားလည်အောင် ရှင်းပြထားပါ။ ကလေးက သူဘာ့ကြောင့် အပြစ်ပေး ခံရလဲ ဆိုတာကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဥပမာ – အခြားကလေးတွေကို မကိုက်ရဘူး ကိုက်ရင် အပြစ်ပေးခံရမယ် ဆိုတာကို ကြိုပြီး ရှင်းပြထားပါ။ ကြိုမရှင်းပြပဲ (ကြိုပြီး စည်းမျဉ်းမထုတ်ထားပဲ) ဖြစ်လာမှ ထပြီး အရေးယူ အပြစ်ပေးရင် ကလေးက ဘာလို့အပြစ်ပေး ခံရမှန်း နားမလည် ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ဥပဒေကို အရင်ထုတ်ပါ။
  • ကလေးနဲ့ လိုက်ဖက်တဲ့ အပြစ်ဒါဏ်ပေးမှုကို ကျင့်သုံးပါ။ ကလေးရဲ့ အသက်အရွယ် အလိုက် အပြစ်ဒါဏ် ပေးသင့်တဲ့ အမူအကျင့်ကို ကြိုတင်သတ်မှတ်ပါ။ ဥပမာ – လသားလေးက အမေကို ကိုက်ရင် သူကိုက်ချင်လို့ ကိုက်တာမဟုတ်ပဲ ဒီအသက်အရွယ် ကလေးတွေရဲ့ အမူအကျင့်မို့ သူ့ကိုအပြစ်ပေးရင် မတရားပါဘူး။ ဒီလိုပဲ လမ်းစလျှောက်စ အရွယ် လမ်းလျှောက်သင်ရင် တိုက်မိလို့ ပန်းအိုးကျကွဲတာလဲ သူ့အပြစ် မဟုတ်လို့ အပြစ်မပေး သင့်ပါဘူး။
  • ကလေးတွေ အိမ်ချင်တဲ့အချိန်၊ ဗိုက်ဆာတဲ့ အချိန်၊ နေရထိုင်ရတာ သက်တောင့်သက်သာ မဖြစ်တဲ့ အချိန်တွေမှာ ဂျီကျတတ်ကြပါတယ်။ ဒီလိုအချိန်မှာ အပြစ်ပေးတာမျိုး မလုပ်ပဲ ကလေးဂျီကျရတဲ့ အကြောင်းရင်းကို ရှာပြီး ဖြေရှင်းပေးပါ။
  • မိဘက ကလေးကို လိုက်နာချင်အောင် စံပြနေထိုင်ပါ။ ကလေးတွေဟာ မိဘလုပ်သူရဲ့ အမူအကျင့်တွေကို အတုခိုး လိုက်လုပ်တတ်တာမို့ ကလေးကို အမူအကျင့်ကောင်းတွေ ကျင့်သုံးစေချင်ရင် ကိုယ်ကိုယ်တိုင်ကလဲ စံပြဖြစ်အောင် နေထိုင်ပြဖို့ လိုပါတယ်။
  • စိတ်အရမ်းရှုပ်လာပြီး ဒေါသထွက်လာလို့ ကလေးကို ရိုက်ချင်စိတ် ပေါ်လာရင် ခနရှောင်ထွက်သွားပါ။ ခနနေ ဒေါသပြေ၊ သွေးအေးသွားမှာ ပြန်လာပါ။

အောက်မှာ ကလေးကို ထိုက်သင့်တဲ့ အပြစ်ဒါဏ် ပေးနည်းတွေကို ဆက်လက်ဆွေးနွေး ထားပါတယ်။

မသင့်တော်တဲ့ အမူအကျင့်ကို လက်မခံနိုင်ဘူး ဆိုတာကို ချက်ချင်းပြောပါ

ကလေးက မသင့်တော်တဲ့၊ လက်မခံနိုင်တဲ့ အမူအကျင့် တစ်ခုခုကို ပြုလုပ်ခဲ့ရင် မိဘလုပ်သူက ချက်ချင်း မျက်နှာတည်တည်နဲ့ လက်မခံနိုင်ကြောင်း ပြောပါ။ မလုပ်ဖို့ပြောပါ။ ဥပမာ – ကလေးက ကန်တာထိုးတာ လုပ်ရင် ချက်ချင်းရပ်ဖို့ပြောပါ။ မျက်နှာကို တည်တည်ထားပါ။ မရီပါနဲ့ (ကလေးက ကိုယ့်ကို ရီအောင် လုပ်ပါလိမ့်မယ်)။ ကလေးကို မျက်နှာချင်းဆိုင်ပြီး မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြောပါ။ ကလေးက မသင့်တော်တဲ့ အမူအကျင့် တစ်ခုခု လုပ်တိုင်း ဒီလိုပဲ တုန့်ပြန်ပါ။ ဒီနေရာမှာ အရေးကြီးတာက တစ်ခါတစ်လေ အဖိုးအဖွားတွေက “အို၊ ကလေးက မသိလို့ လုပ်တာပဲ၊ မဆူပါနဲ့” ဆိုပြီး ဝင်ပါတတ်ကြပါတယ်။ ဒီလိုမဖြစ်အောင် အစကတဲက အဖိုးအဖွားတွေကို နားလည်အောင် ကြိုရှင်းပြထားပါ။ (အဖိုးအဖွားနဲ့ နေတဲ့ကလေးတွေ ပြောရဆိုရ ခက်တတ်ပါတယ်)။

Time-out (ရပ်နားချိန်) သတ်မှတ်ပေးပါ

ကလေးက မသင့်တော်တဲ့ အမူအကျင့် တစ်ခုခုကို ပြုလုပ်တိုင်း ပြုလုပ်တိုင်း ချက်ချင်း (ချက်ချင်း) ကလေးကို သူလုပ်နေတဲ့ အလုပ်ကို ရပ်တန့်စေပြီး ကစားစရာ မရှိတဲ့ နေရာတစ်နေရာရာမှာ ခန ဖယ်ထားပါ။ မိဘလုပ်သူက ကလေးနဲ့ အတူရှိနေပေးဖို့တော့ လိုကောင်းလိုပါလိမ့်မယ်။ ကလေးကို အခန်းထဲမှာ တစ်ယောက်ထဲ ပိတ်ထားတာမျိုး မလုပ်ပါနဲ့။ Time-out အချိန်က ကလေးအသက် တစ်နှစ်တိုင်းအတွက် တစ်မိနစ် သတ်မှတ်သင့်ပါတယ်။ (၅ နှစ်ဆို ၅ မိနစ်ပေါ့)

ကလေးက သူ့အတွက် သတ်မှတ်ပေးတဲ့ နေရာမှာ မနေဘူးဆိုရင် သူ့ကို အဲ့ဒီနေရာ ပြန်ခေါ်သွားပါ။ မျက်နှာကို တည်တည်ထားပါ။ ဒေါသမထွက်ပါနဲ့။ သတ်မှတ်ချိန်ပြည့်မှ သူမူလ လုပ်နေတဲ့ အလုပ်ကို ဆက်လုပ်ခွင့်ပေးပါ။

ကလေးကြိုက်နှစ်သက်တဲ့ ကစားစရာကို သိမ်းလိုက်ပါ

ကလေးကြိုက်နှစ်သက်တဲ့ ကစားစရာကို အချိန်သတ်မှတ်ပြီး သိမ်းလိုက်ပါ။ ဒီလိုသိမ်းမယ် ဆိုတာကို ကြိုတင်ပြီး စည်းကမ်း သတ်မှတ်ကတဲက ကြိုပြောထားပါ။ သိမ်းမယ့် အချိန်က နေ့တဝက်ကနေ တစ်ရက်လောက် အတွင်း ဖြစ်သင့်ပါတယ်။

သူတို့ရဲ့ ခံစားခွင့်ကို ရုတ်သိမ်းပါ

ဥပမာ တီဗီကြည့်ခွင့်ကို အချိန်ကန့်သတ် ပိတ်ပင်တာ၊ ဗီဒီယိုဂိမ်း ကစားခွင့် ပိတ်ပင်တာ၊ ဖုန်းပေးမသုံးတာ အစရှိတဲ့ အကျိုးခံစားခွင့်တွေကို အချိန်အကန့်အသတ်နဲ့ ပိတ်ပင်လိုက်တာမျိုး ပြုလုပ်ခြင်းဖြင့် ပြစ်ဒါဏ်ပေးပါ။

သူငယ်ချင်းတွေနဲ့ ကစားခွင့်ကို ပိတ်ပင်ပါ

ကလေးနည်းနည်း ကြီးလာတဲ့ အခါမှာ သူငယ်ချင်းတွေနဲ့ ကစားရတာကို ခုံမင်တတ်ပါတယ်။ ဒီလိုအရွယ်မှာ သူငယ်ချင်းတွေနဲ့ ပေးမကစားတာကို ပြစ်ဒါဏ်ပေးနည်း တစ်ခုအနေနဲ့ ကျင့်သုံးနိုင်ပါတယ်။ ပြစ်ဒါဏ်ကို သင့်တော်သလို အချိန်အကန့်အသတ်နဲ့ ပေးသင့်ပါတယ်။

ကောင်းမွန်တဲ့ အမူအကျင့်တွေကို အားပေးချီးမြောက်ပါ၊ ဆုပေးပါ

ကလေးရဲ့ အမူအကျင့်ဆိုးတွေကို ပြစ်ဒါဏ်ပေးသလိုပဲ အမူအကျင့် ကောင်းတွေကိုလဲ ချီးကျုးဂုဏ်ပြု သင့်ပါတယ်။ ကလေးက အမူအကျင့်ကောင်းတွေ ပြုလုပ်တဲ့ အခါမျိုးမှာ ချီးမွမ်းတာ၊ ဆုပေးတာမျိုး ပြုလုပ်ပါ။ ထိုက်တန်တဲ့ ဆုပေးမှု၊ ချီးမွမ်းမှုတော့ ဖြစ်ဖို့လိုပါတယ်။ အလွန်အကျုး ချီးမွမ်းမှု၊ ဆုချီးမြှင့်မှုမျိုးကိုတော့ ရှောင်ကျဉ်ပါ။

အဓိက အရေးကြီးတဲ့ အချက်တစ်ခုကတော့ ဆုပေးဒါဏ်ပေး စနစ်အားလုံးဟာ ပုံမှန် မှန်ကန်ဖို့ လိုအပ်ပါတယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ပါနဲ့။ ဒါဏ်ပေးရမယ့် အမူအကျင့်တိုင်းကို ဒါဏ်ပေးပါ။ ခုတစ်ခါတော့ ဒါဏ်ပေးလိုက်၊ နောက်တစ်ခါကျတော့ ခွင့်လွှတ်လိုက် မလုပ်ပါနဲ့။ တိကျမှန်ကန်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက ဒါဏ်ပေးမယ်လို့ ခြိမ်းချောက်ထားရင် ပြောတဲ့အတိုင်း ဒါဏ်ပေးပါ။ နို့မဟုတ်ရင် ကလေးက မေမေက ပါးစပ်ကသာ ပြောတာ၊ တကယ်ကျတော့ ဘာမှ လုပ်တာမဟုတ်ဘူး ဆိုပြီး ကိုယ်ပြောတာ နားထောင်တော့မှာ မဟုတ်ပါဘူး။

နောက်ဆုံး ပြောချင်တာကတော့ စိတ်ရှည်ပါ။ ကလေးတစ်ယောက်ကို စည်းကမ်းထိန်းတယ်ဆိုတာ နေ့ချင်းညချင်း အောင်မြင်မှု ရနိုင်တဲ့ ကိစ္စမဟုတ်လို့ စိတ်ရှည်ပါ။

Leave a Reply