ကလေးကို အင်္ဂလိပ်စာ သင်ဖို့

ကျွန်မကလေးက အခု တစ်နှစ်ခွဲပါ၊ အဲ့ဒါ သူ့ကို အင်္ဂလိပ် စကားလုံးတွေ သင်ပေးချင်လို့ ဘယ်လို သင်ပေးရမလဲ

အသက် ၁ နှစ်ခွဲကလေးကို အင်္ဂလိပ်စာ သင်ဖို့ ငယ်လွန်းသေးတယ်လို့ အချို့က စောဒက တက်ကောင်းတက်ပါလိမ့်မယ်။ တကယ်က မငယ်တော့ပါဘူး။ ကျွန်တော့အတွေ့အကြုံအရ ကျွန်တော့ကလေးတွေကို အင်္ဂလိပ်စကားလုံး တွေနဲ့ နားယဉ်အောင် သူတို့ကို အသက် ၆ လလောက် ကတဲက အင်္ဂလိပ်လို စပြောခဲ့ပါတယ်။ ကလေးအငယ်က အခုဆို အသက် ၃ နှစ်မှာ အင်္ဂလိပ်လို အတော်ပြောနိုင်ပါပြီ (အခုထက်ထိတော့ “I is” လို့ တစ်ခါတစ်ရံ ပြောတုန်းပါ)။ သမီးအကြီးက အသက် ၇ နှစ်မှာ အင်္ဂလိပ် chapter books အလွယ်တွေကို စာလုံးမပေါင်းပဲ ကောင်းကောင်း ဖတ်နေနိုင်ပါပြီ။ အင်္ဂလိပ်လိုလဲ အတော်ကို ပြောနေနိုင်ပါပြီ (ကျွန်တော် ၁၀ တန်းတုန်းကတောင် သူ့လောက် မပြောနိုင်ပါဘူး)။

အသက် ၁ နှစ်ခွဲကလေးကို အင်္ဂလိပ်လို သင်ဖို့ မိဘတွေ အနေနဲ့ အများကြီး လုပ်ပေးနိုင်ပါတယ်။ သူ့ကို စကားပြောရင် အင်္ဂလိပ်လို ပြောပေးပါ။ အထူးသဖြင့် သူက သင့်ကို စကားပြောတဲ့ အခါမှာ အာရုံစိုက်ပြီး အင်္ဂလိပ်လို ပြန်ပြောပါ။ နေ့တိုင်း ပုံပြင်လေးတွေ ဖတ်ပြပါ။ ပုံပြင်ထဲက ပုံတွေကို လက်ညှိုးထိုးပြပြီး အင်္ဂလိပ်လို အခေါ်အဝေါ်တွေကို သင်ပေးပါ။ သူ့ကို လိုက်ဆိုပါစေ။ တိရစ္ဆာန် လေးတွေ တွေ့ရင် one, two, three, four ဆိုပြီး ရေခိုင်းပါ။

အသက် ၂ နှစ်၊ ၂ နှစ်ခွဲလောက်ဆို စာအုပ်တွေကို စိတ်ဝင်စားလာပါပြီ။ စာအုပ်ဆိုင်က ကလေးစာအုပ်တွေကို သူနဲ့အတူ ရှာဝယ်ပါ။ Online ကနေ စာအုပ်ဝယ်ရင်လဲ သူ့ကို နမူနာပုံတွေ ပြပြီး သူကြိုက်မယ့် စာအုပ်လေးတွေ ရွေးချယ်ခွင့် ပေးပါ။ အထူးသဖြင့် ဒီအရွယ်မှာ စိတ်ခံစားမှုတွေ စပြီး သိရှိနားလည်လာပြီ ဖြစ်လို့ ဒီစိတ်ခံစားမှုတွေ (စိတ်တိုတာ၊ ဝမ်းသာတာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ ကြောက်ရွှံ့တာ အစရှိသဖြင့်) ကို ဖော်ပြတဲ့ ပုံပြင်စာအုပ်လေးတွေ ဖတ်ပြပြီး ဒီလို စိတ်ခံစားမှု အမျိုးမျိုး အကြောင်းကို ရှင်းပြပါ။ စိတ်ခံစားမှု အမျိုးမျိုးမှာ ဖြစ်တဲ့ မျက်နှာအမူအရာတွေကို သူ့ကို လုပ်ပြပြီး လိုက်လုပ်ခိုင်းပါ (ကစားနည်း တစ်ခုလို သဘောထားပြီး သူနဲ့ ကစားပါ)။ ပြီးရင် ကိုယ်အမူအရာတွေပါ ထပ်ဖြည့်ပါ။

ဒီအရွယ်ကလေးတွေဟာ အသံထွက်တွေကို ပီပီသသ မထွက်နိုင် သေးပါဘူး။ ဒါ့ကြောင့် အင်္ဂလိပ် စကားပြောတဲ့အခါ အသံထွက် မှန်တာ မမှန်တာ သိပ်ပြီး အထူးဂရုစိုက် မနေပါနဲ့။ နောက်ပိုင်း တဖြေးဖြေး အသံထွက် မှန်လာပါလိမ့်မယ်။ အရေးကြီးတာက အင်္ဂလိပ်လို ပြောတာနဲ့ နားထောင်ရတာကို ကလေးက နှစ်ချိုက်သဘောကျဖို့က အရေးကြီးပါတယ်။ ဒါဆိုရင် ကလေးအတွက် အင်္ဂလိပ်လို ကျွမ်းကျင်ဖို့ အခြေခံကောင်းတွေ ရရှိသွားမှာ ဖြစ်ပါတယ်။

Leave a Reply Cancel reply