သင့်ကလေးကို အင်္ဂလိပ်စာ တော်ဖို့ ဘယ်လိုအားပေးမလဲ

ယခုခေတ်မှာ ကမ္ဘာသုံးစကားဖြစ်တဲ့ အင်္ဂလိပ်စာကို ကလေးတွေငယ်ငယ်ကတဲက စပြီး သင်ပေးနေ ကြပါပြီ။ အင်္ဂလိပ်စာကို ငယ်ငယ်ကတဲက သင်ကြားပေးခြင်းဖြင့် ကလေးရဲ့ အင်္ဂလိပ်စာ အရည်အချင်းကိုလဲ အများကြီး တိုးတက်လာစေပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာ သင်ကြားပေးရာမှာ ကျူရှင်မှာ အပ်ပြီး သင်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ကလေးကို တကယ်အင်္ဂလိပ်စာ တတ်စေ တော်စေ ချင်တယ်ဆိုရင် အိမ်မှာလဲ ကလေးအင်္ဂလိပ်စာ လေ့လာနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ အားပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ကလေးကို အိမ်မှာ အင်္ဂလိပ်စာလေ့လာသင်ယူနိုင်အောင် အားပေးကူညီဖို့၊ အခွင့်အလမ်းတွေ ဖန်တီးဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြံဉာဏ် ၉ ချက်ကို ဆွေးနွေးထားပါတယ်။

(၁) သင်ကိုယ်တိုင် အင်္ဂလိပ်စာ သင်ပါ

သင့်ကလေးကို အင်္ဂလိပ်စာ တော်စေတတ်စေချင်တယ်ဆိုရင် သင်လဲ အင်္ဂလိပ်စာ အတိုင်းအတာ တစ်ခုအထိတော့ ပြောတတ်၊ ဖတ်တတ်၊ ရေးတတ် သင့်ပါတယ်။ သင့်ကလေးကို အင်္ဂလိပ်စာ သင်တန်းကို စေလွှတ်သင်ကြားတယ်ဆိုရင် သင်လဲ တနည်းနည်းနဲ့ အင်္ဂလိပ်စာကို လေ့လာပါ။ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေ ဖတ်ရှုပြီး ကိုယ့်အင်္ဂလိပ်စာ နားလည်မှု အဆင့်ကို မြှင့်တင်ပါ။ မိဘက ဒီလို အင်္ဂလိပ်စာကို အလေးထားတယ်ဆိုတာ ကလေးကတွေ့ရင် အင်္ဂလိပ်စာ တတ်ချင်သင်ချင်စိတ် တိုးပွားလာပါလိမ့်မယ်။ နောက်တစ်ခုက ကလေးတွေဟာ အင်္ဂလိပ်လို ပြောရင် မှားမှာစိုးတော့ အင်္ဂလိပ်လို ပြောရမှာ ဝန်လေးကြပါတယ်။ မိဘကိုယ်နှိုက်က ကလေးနဲ့အတူ အင်္ဂလိပ်စာ သင်ပြီး မှန်မှန်မှားမှား အင်္ဂလိပ်လို ပြောတာဟာ ကလေးကို အင်္ဂလိပ်လို ပြောဖို့ အားပေးရာလဲ ရောက်ပါတယ်။

(၂) ကစာနည်းတွေကို အင်္ဂလိပ်လို ကစားပါ

ကလေးတွေဟာ ကစားခုန်းစားတဲ့ နေရာမှာ အင်္ဂလိပ်လို ပြောဆိုရင် အင်္ဂလိပ်လို တတ်တာပိုမြန်ပါတယ်။ ကလေးတွေဟာ ဘာသာစကား တစ်ခုကို သင်ယူရာမှာ “စမ်းသပ်” တဲ့နည်းနဲ့ သင်ယူကြတာပါ။ ဆိုလိုတာက စမ်းသပ်ပြောဆိုရင်း အပြောမှားတဲ့ စကားလုံးတွေကို အမှန်ပြန်ပြင်ရင်းနဲ့ ဘာသာစကားကို သင်ယူကြတာပါ။ အဲ့တာကြောင့် စကားစပြောခါစ ကလေးတွေဟာ စကားလုံးအမှားတွေ၊ အသုံးအနှုံး အမှားတွေ အများကြီးနဲ့ ရီစရာကောင်းအောင် ပြောကြတာပါ။ ဒီလိုပဲ အင်္ဂလိပ်စာကို သင်ယူရာမှာလဲ နေ့စဉ်သုံးနှုံး ပြောဆိုမယ်ဆိုရင် ကလေးက အတတ်မြန်ပါတယ်။ ဒီလိုပြောဆိုဖို့ အကောင်းဆုံးကတော့ ကလေးနဲ့ ကစားတဲ့ အချိန်မှာ ကလေးနဲ့ အင်္ဂလိပ်လို ပြောဆိုတာပဲ ဖြစ်ပါတယ်။ ဥပမာ ဘာဘီအရုပ်လေးကို ရေချိုးပေးမယ်ဆိုရင် “We are going to give a shower to Babe” ဆိုပြီး ပြောတာ၊ အင်္ကျီဝတ်ပေး ခါနီးကျရင် “Let’s wear the clothes to Barbie” ဒါမှမဟုတ် “Let’s dress up Barbie” ဆိုပြောတာ၊ ဟင်းချက်တမ်း ကစားရင်လဲ ချက်မယ့်ဟင်းတွေကို အင်္ဂလိပ်လို ပြောတာ အစရှိ သဖြင့်ပေါ့။ မရှက်ပါနဲ့။ မှားမှာလဲ မဆိုးရိမ်ပါနဲ့။ အကယ်လို့ ကိုယ့်အင်္ဂလိပ်စာ ကို ကိုယ်မယုံဖူးဆိုရင် ကိုယ့်အင်္ဂလိပ်စာ အဆင့်အတန်းကို မြှင့်တင်ဖို့ ကျိုးစားပါ။ ကလေးရော မိဘလုပ်သူပါ အင်္ဂလိပ်စာ ကျွမ်းကျင်လာပါလိမ့်မယ်။

(၃) ညအိပ်ယာ ဝင်ပုံပြင်တွေကို အင်္ဂလိပ်လို ပြောပါ

အင်္ဂလိပ်စာ လေ့ကျင့်ဖို့ အကောင်းဆုံး အချိန်ကတော့ ညအိပ်ယာဝင်ခါနီး ပုံပြောချိန်ပဲ ဖြစ်ပါတယ်။ အလွတ်ပြောရမှာ ခက်ရင် ပုံပြင်စာအုပ် ဖတ်ပြပါ။ အရုပ်ကလေးတွေနဲ့ စာအုပ်တွေဆို ကလေးတွေ အလွန် သဘောကျကြပါတယ်။ အင်္ဂလိပ်လို ပုံပြောလို့ ကလေးက နားမလည်မှာ စိတ်မပူပါနဲ့။ ကလေးငယ်ငယ် လေးတွေဟာ မိခင် ဘာသာစကား အထိုင်မကျသေးတဲ့အတွက် ဒီအချိန်မှာ အင်္ဂလိပ်စာနဲ့ စကားကို မိတ်ဆက်ပေးဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ (နောက်မှ ကိုယ့်ကလေးကို bilingual ဘာသာနှစ်မျိုးပြောတဲ့ ကလေးဖြစ်အောင် ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာ ဆောင်းပါး သပ်သပ် ရေးပါ့မယ်)။ ဒီလို မိခင်ဘာသာစကား အနည်မထိုင်သေးခင် အခြားဘာသာ စကားတစ်ခုကို မိတ်ဆက်ထားမယ်ဆိုရင် ဒီကလေးဟာ အခြားဘာသာစကားကို သင်ကြားရာမှာ လွယ်ကူမြန်ဆန်စေပါတယ်။ ဖြစ်နိုင်ရင် ကလေးစကား စမပြောမီကတဲက စပြီး အင်္ဂလိပ် ပုံပြင်လေးတွေ ဖတ်ပြတဲ့ အကျင့်လုပ်ထားပေးပါ။

(၄) အင်္ဂလိပ်လို ကြေညာတဲ့ ရေဒီယိုဖွင့်ပေးထားပါ

ကလေးတွေ ဘာသာစကား သင်တာဟာ လူကြီးတွေ ဘာသာစကား သင်ပုံနဲ့ မတူပါဘူး။ ကလေးတွေက ကိုယ်သင်တဲ့ ဘာသာစကားကို ကြားဖူးနားဝ ရှိနေရာကနေ စကားလုံးတွေနဲ့ ယဉ်ပါးပြီး နားလည်တတ်ကျွမ်းလာတာပါ။ ကိုယ်သင်တဲ့ ဘာသာစကားနဲ့ ပြောတဲ့ အသံထွက်၊ လေယူလေသိမ်း စတာတွေနဲ့ ယဉ်ပါးနေခြင်းအားဖြင့် ဒီဘာသာစကားကို သင်ယူရာမှာ လွယ်ကူစေသလို အသံထွက်တွေကို မှန်မှန်ကန်ကန်နဲ့ ပီပီသသ ပြောဆိုဖို့လဲ အထောက်အကူ ပြုပါတယ်။ ကိုယ့်ဖုန်းပေါ်မှာ “Tune In Radio” application လေးကို ဒေါင်းလုပ် လုပ်ပြီး အဲ့ဒီမှာ BBC World Service ဆိုရိုက်ထည့်လိုက်ရင် BBC အင်္ဂလိပ်ပိုင်း ရေဒီယို ကလွှင့်တာတွေကို အသံလှိုင်း ကြည်လင်စွာနဲ့ ဖမ်းယူနားထောင် နိုင်ပါတယ်။ Blue Tooth စပီကာလေးတွေ ဈေးပေါပါတယ်၊ တစ်လုံးလောက် ဝယ်ထားပြီး ပုံမှန်ဖွင့်ထားပေးပါ။ နားလည်စရာ မလိုပါဘူး။ ကလေးက အင်္ဂလိပ်လို ပြောတာ ပုံမှန်ကြားနေအောင် လုပ်ထားပေးဖို့ပဲ ဖြစ်ပါတယ်။

(၅) အသံထွက်တွေနဲ့ စမ်းသပ်ကစားပြီး သင်ပေးပါ

မိခင်ဘာသာစကား မဟုတ်တဲ့စကားကို သင်တဲ့အခါမှာ အချို့မိခင်ဘာသာမှာ မပါတဲ့ အသံတွေဆို မှန်မှန်ကန်ကန် ထွက်ဖို့ ခဲယဉ်းပါတယ်။ ဥပမာ ကျွန်တော် အတွေ့အကြုံအရ မြန်မာလူမျိုး တော်တော်များများဟာ V သံကို ကောင်းကောင်းမထွက်နိုင် ကြပါဘူး။ F အသံကိုလဲ ထွက်ရခက်ကြပါတယ် (“ဖ” လို့ပဲ အသံထွက်နေကြတာ များပါတယ်)။ ဒါ့အပြင် C နဲ့ K ဆိုရင် “ခ” သံထွက်ရမယ့်အစား “က” သံထွက်တာ၊ T ဆိုရင် “ထ” သံမထွက်ပဲ “တ” သံထွက်နေတာ၊ P ဆိုရင် “ဖ” သံမထွက်ပဲ “ပ” သံထွက်နေတာတွေ တွေ့ရပါတယ်။ ကလေးတွေကို အသံထွက်တွေ သင်တဲ့ အခါကျတော့ မှန်ကန်တဲ့ အသံထွက်ရဖို့ကို ဖိုးနစ်အသံထွက်တွေနဲ့ လေ့ကျင့်ပေးပါ။ ဖိုးနစ်နည်းအကြောင်းကို အရင် ဆောင်းပါး နှစ်ဆောင်မှာ မိတ်ဆက်အနေနဲ့ ရေးခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ဖိုးနစ်နည်းကို အကျယ်တဝင့် ရေးသွားဖို့ အစီအစဉ် ရှိပါတယ်။ (ကျွန်တော့ အမျိုးသမီးကို ရေးပေးဖို့ အပူကပ်ရပါဦးမယ်၊ သူက ဖိုးနစ်နည်းနဲ့ ကလေးစာသင်နည်းကို သင်တန်းတွေ တက်ထားပြီး အိမ်ကကလေးတွေကို သင်ပေးနေတာဆိုတော့ သူကပိုကျွမ်းကျင်ပါတယ်)။ ဒီဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်တာ အလွန်အကျိုးရှိပါတယ်။ ကျွန်တော့သမီး ၇ နှစ်ဟာ အခုဆို ကျွန်တော်တို့ ၈ တန်းလောက်က ဖတ်ခဲ့တဲ့ စာအုပ်မျိုးတွေကို စာလုံးမပေါင်းပဲ သွက်သွက်လက်လက် ဖတ်နေနိုင်ပါပြီ။ ကလေးက သူများထက် ထူးပြီးတော်နေလို့ မဟုတ်ပါဘူး။ သင်ကြားနည်းစနစ်မှန်တာရယ် မိဘက အားပေးတာရယ်ကြောင့်ပါ။ ကလေးတိုင်းရဲ့ ဉာဏ်ရည်ဟာ တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာပါဘူး။ ကလေးတွေ ဟာအတတ်လွယ်ပါတယ် (ကလေးတွေက လူကြီးတွေထက် ဉာဏ်ကောင်းကြပါတယ်)။ သင့်ကလေးကိုလဲ စနစ်တကျ သင်ပေးမယ်၊ မိဘကလဲ အားပေးမယ်ဆို အသက် ၇ – ၈ နှစ်မှာ စာဖတ်နိုင်ဖို့ မဖြစ်နိုင်စရာ မရှိပါဘူး။ မိဘက မှန်မှန်ကန်ကန် အားပေးဖို့ပဲ လိုပါတယ် (အတင်းတွန်းအားပေးတာမျိုး မလုပ်မိဖို့တော့ အထူးသတိပြုဖို့ လိုပါတယ်)။

အင်္ဂလိပ် အက္ခရာ A B C D အစရှိတာတွေကို ကတ်ပြားလေးတွေပေါမှာ ရေးပြီး သူတို့ရဲ့ အသံထွက်တွေ သင်ပေးပါ။ နောက်ပြီး ဒီအက္ခရာတွေနဲ့ စတဲ့ လွယ်ကူတဲ့ စကားလုံးတွေ သင်ပေးပါ။ Ant, Apple, Airplane အစရှိသဖြင့်ပေါ့။ အရုပ်ကလေးတွေဆွဲ ပြီးသင်နိုင်ရင် ပိုကောင်းပါတယ်။

(၆) ကလေးတွေ ဉာဏ်ရည်တိုးတက်စေမယ့် Activity တွေလုပ်တဲ့အခါ အင်္ဂလိပ်လို ပြောဆိုပါ

ကလေးတွေက ပုံလေးတွဲဆွဲတဲ့အခါ၊ စက္ကူနဲ့ အရုပ်ကလေးတွေ လုပ်တဲ့ အခါမျိုးမှာ အင်္ဂလိပ်လို ပြောဆိုဆက်သွယ်ပါ။ ဥပမာ –

“Could you pass me the glue, please?”

“Thank you”

“Why don’t you paint a picture?”

“Can you help me clean?”

အစရှိသဖြင့်ပေါ့။ အကယ်လို့ သင့်အနေနဲ့ အင်္ဂလိပ်လို ပြောကျင့်မရှိလို့ ဘာပြောရမှန်း ရုတ်တရက် ထွက်မလာရင် အသုံးများတဲ့ ဝါကျတွေကို ကြိုတင်ပြီး စာရွက်တစ်ရွက်ပေါ်မှာ ရေးသားထားနိုင်ပါတယ်။ ဒီစာမျက်နှာပေါ်ကလဲ မိခင်ဖခင်တွေအတွက် ကလေးတွေနဲ့ ပြောဆိုဆက်ဆံရာမှာ အသုံးပြုနိုင်ဖို့ အင်္ဂလိပ်စာ သင်ခန်းစာလေးတွေ ရေးသားတင်ဆက် ပေးသွားပါ့မယ်။

(၇) အင်္ဂလိပ် ကလေးသီချင်းတွေကို အတူဆိုပါ

ကလေးတွေဟာ သီချင်းတွေကို ကြိုက်နှစ်သက် ကြပါတယ်။ သီချင်းတစ်ပုဒ်ကို ၄ – ၅ ခါလောက် ကြားဖူးပြီးသွားရင် ဒီသီချင်းကို လိုက်ပြီး ဆိုနိုင်ကြပါတယ် (မပီကလာ ပီကလာနဲ့ပေါ့)။ ဒါ့ကြောင့် ကလေးတွေကို Nursery Rhymes လေးတွေကို သင်ပေးပါ။ ကလေးနဲ့ အတူလိုက်ဆိုပါ။ မိဘလုပ်သူက မဆိုတတ်ရင် Youtube ပေါ်မှာ Nursery Rhymes တွေ အများကြီး ရှိပါတယ်။ ဖုန်းထဲက Youtube မှာ ဒီသီချင်းတွေကို ဒေါင်းလုပ် လုပ်ပြီး သိမ်းထားလို့ ရပါတယ်။ မကြာခန ဖွင့်ပေးပါ။ မိဘကလဲ လိုက်ဆိုပါ။ နောင်ဆို အလွတ်ရသွားရင် ဖုန်းဖွင့်ပြီး ဆိုစရာ မလိုတော့ပဲ အတူဆိုနိုင်ပါတယ်။ သတိပြုရမှာက သီချင်းပဲ ဖွင့်ပြပါ၊ ဗီဒီယိုကို မပြပါနဲ့။ ဒီအရွယ် ကလေးတွေကို တတ်နိုင်သမျှ ဖုန်းနဲ့ဝေးအောင် ထားသင့်ပါတယ်။

သီချင်းတွေကို ကလေးတွေက လိုက်ဆိုခြင်းအားဖြင့် အသံထွက်မှန်မှန် ထွက်တတ်လာတဲ့အပြင် စကားလုံးတွေ၊ စာသားတွေကိုလဲ ကလေးက လိုက်ဆိုနိုင်တဲ့ အကျင့် ရလာပါတယ်။ အသံထွက် အနိမ့်အမြင့် အတက်အကျနဲ့လဲ ပြောဆိုလာနိုင်ပါတယ်။ ကလေး စစကား မပြောတတ်မီ ကတဲက Nursery Rhymes လေးတွေ ဆိုပြပါ။

(၈) အင်္ဂလိပ်စကားပြောတဲ့ မိတ်ဆွေတွေရှိရင် အိမ်ကို အလည်ဖိတ်ပါ

ကလေးတွေက သူတို့သင်တဲ့ ဘာသာစကားကို အသုံးချလို့ရတယ်ဆိုတာသိရင် ပိုပြီးသင်လိုစိတ် ဖြစ်လာပါတယ်။ အကယ်လို့ သင့်မိတ်ဆွေတွေထဲမှာ အင်္ဂလိပ်လို ပြောတဲ့ သူတွေရှိရင် အိမ်ကိုအလည်လာဖို့ ဖိတ်ပါ။ ကလေးအတွက် အင်္ဂလိပ်လို ပြောဖို့ အခွင့်ရလာပါလိမ့်မယ်။

(၉) စိတ်မပူပါနဲ့

သင့်ကလေးက အင်္ဂလိပ်လို စပြီး မပြောဘူးဆိုရင်၊ ဒါမှမဟုတ် အမှားတွေ ပြောနေတယ်ဆိုရင် ဘာမှ စိတ်မပူပါနဲ့။ ဘာသာစကားတစ်ခုကို စပြောဖို့ဆိုရင် ဒီဘာသာစကားနဲ့ အကျွမ်းဝင်ဖို့ အချိန်ပေးရပါတယ်။ ပထမဆုံး နားထောင်ခြင်း (Listening skill) နဲ့ စတင်ပြီး အချိန်အနည်းငယ်ကြာမှ စကားစပြောတာပါ။ ဒီတော့ စိတ်ရှည်ပါ၊ စိတ်မပျက်ပါနဲ့၊ လက်မလျှော့ပါနဲ့။

Leave a Reply Cancel reply