ဝုန်းဒိုင်းကြဲနေတဲ့ (tantrum child) ကလေးကို ဘယ်လိုထိန်းရမလဲ

ကလေးကကိုယ်လိုချင်တာမရလို့ ဝုန်းဒိုင်းကျဲ ပေါက်ကွဲရင် ဘယ်လိုဖြေရှင်းမလဲ

မှတ်ချက်။ အင်္ဂလိပ်စကားလုံး Temper Tantrum ကိုဒီဆောင်းပါးမှာ “ဝုန်းဒိုင်းကြဲ” တယ်လို့ ဘာသာပြန်ထားတာပါ။ အကယ်လို့ ဒီ့ထက်ကောင်းတဲ့ စကားလုံး ရှိမယ်ဆိုရင် ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။

ဘာ့ကြောင့်ကလေးတွေ ဝုန်းဒိုင်းကြဲ ပေါက်ကွဲရတာလဲ

ဝုန်းဒိုင်းကြဲ ပေါက်ကွဲတယ်ဆိုတာ လေဆင်နှာမောင်း တိုက်သလိုပါပဲ။ အခုနကအကောင်း၊ ခနနေတော့ ထပြီး ဝုန်းဒိုင်းကြဲပြီး ပေါက်ကွဲတော့ တာပါပဲ။ အခုနလေးတင်ပင် သင်နဲ့ သင့်ကလေးနဲ့ စားသောက်ဆိုင်မှာ ထိုင်စားနေတာ၊ အကောင်းကြီး။ ခဏနေတော့ သူ့သောက်ရခွက်က စုပ်တံလေး ကောက်သွားလို့ဆိုပြီး ထဝုန်းဒိုင်းကြဲတော့ တာပါပဲ။ ဒါမျိုးကြုံဖူးကြတယ် မဟုတ်လား။ အထူးသဖြင့် ကလေးအသက် ၁ နှစ်နဲ့ ၃ နှစ်ကြားတွေဟာ ပိုပြီး ဝုန်းဒိုင်းကြဲ ပေါက်ကွဲတတ်ကြပါတယ်။ ဒါမျိုးတွေ မကြာခန ကြုံရရင် ငါ့ကလေးတော့ ကြီးလာရင် ဒုက္ခပဲ ဆိုပြီး မစိုးရိမ်ပါနဲ့။ ဒီလို ဝုန်းဒိုင်းကြဲ ပေါက်ကွဲရတာဟာ ကလေးက သူ့ရဲ့ စိတ်ခံစားမှုကို မထိန်းနိုင်လို့ ဖြစ်ရတာပါ။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဒီအရွယ်ကလေးတွေရဲ့ ဘာသာစကား ပြောကြားနိုင်စွမ်းဟာ သူတို့ရဲ့ စိတ်ခံစားမှုနဲ့ နားလည်နိုင်စွမ်းကို မှီအောင် မလိုက်နိုင်လို့ပါတဲ့။ ဆိုလိုတာက သူတို့ရဲ့ စိတ်ခံစားမှုနဲ့ သူတို့ ပြောချင်တာ၊ ဆိုလိုချင်တာကို အခြားသူတွေ နားလည်အောင် ပြောပြနိုင်လောက်တဲ့ အထိ သူတို့ရဲ့ စကားပြောစွမ်းရည်က မဖွံ့ဖြိုး သေးလို့ပါ။ ဒီလိုသူများ နားလည်အောင် မပြောပြနိုင်တော့ သူတို့ဟာ စိတ်ရှုပ်၊ စိတ်ပျက်ပြီး စိတ်ပေါက်ကွဲ ဝုန်းဒိုင်းကြဲ တော့တာပါပဲ။

ဝုန်းဒိုင်းကြဲ ပေါက်ကွဲတာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ

(၁) စိတ်အေးအေးထားပါ

ဒီလိုဝုန်းဒိုင်းကြဲ ပေါက်ကွဲပြီဆိုရင် တော်တော် အကြည့်ရ ဆိုးပါတယ်။ လူကြားသူကြားထဲဆို ပိုတောင်ဆိုးပါတယ်။ ဒီအခါ မိဘလုပ်သူက အရှက်ရ၊ စိတ်မရှည်၊ စိတ်တိုပြီး ကလေးနဲ့ အပြိုင် အော်ဟစ်ရန်ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ကလေးရဲ့ အခြေအနေကို ပိုပြီး ဆိုးရွားလာစေပါတယ်။

ကလေးတွေ ဝုန်းဒိုင်းကြဲပြီဆို အော်ဟစ်၊ ငိုယို၊ ကန်ကြောက် လုပ်ရုံတင်မကဘူး အနားမှာ ရှိတဲ့ ပစ္စည်းတွေကိုလဲ ပစ်ပေါက်တတ်ကြပါတယ်။ အသက်ကို မရှူပဲ အသက်အောင့်ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ တစ်ခါတစ်လေ မျက်နှာတွေပြာနှမ်းလာတဲ့အထိ အသက်အောင့် ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီအခါမျိုးဆိုရင်လဲ တစ်ခါတလေ မဘလုပ်သူက စိုးရိမ်တကြီး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်တာမျိုးလဲ ရှိပါတယ်။ ဒီလို ဝုန်းဒိုင်းကြဲချိန်မှာ အသက်ရှူ အောင့်ထားတာမျိုးဟာ ဖြစ်ရိုးဖြစ်စဉ် အမူအကျင့်မို့လို့ မျက်ကလူးဆန်ပြာ ဖြစ်မသွားပါနဲ့။

ကလေးတွေ ဝုန်းဒိုင်းကြဲတဲ့ အချိန်မျိုးမှာ သူ့ကို အကျိုးသင့် အကြောင်းသင့် ပြောပြလို့ နားမလည်နိုင်ပါဘူး။ သူ့ကို အော်တာမျိုး၊ ဒါဏ်ပေးမယ်လို့ ခြိမ်းခြောက်တာမျိုးဆိုရင်တော့ ဆန့်ကျင်ဖက် နည်းလမ်းနဲ့ တုံ့ပြန်တတ်ပါတယ်။ ဥပမာ ပိုပြီး ငိုပြတာမျိုး၊ ပိုဝုန်းဒိုင်းကြဲ ပြတာမျိုးပေါ့။ ဒီအချိန်မှာ ကလေးကို အော်တာ၊ ရိုက်တာ၊ ရိုက်မယ်လို့ ခြိမ်းခြောက်တာတွေဟာ ဘာတစ်ခုမှ အလုပ်မဖြစ်ပါဘူး။ ကလေးက ဒီလိုဝုန်းဒိုင်းကြဲနေလို့ သူနဲ့ ဝေးရာကိုလဲ ထွက်မသွားပါနဲ့။ ဒီလိုဆို ကလေးက သူ့ကို ပစ်သွားပြီဆိုပြီး ဝမ်းနဲ့တတ်ပါတယ်။ အကောင်းဆုံးကတော့ ဆူတာ၊ အော်တာ၊ သူ့ကို အကျိုးအကြောင်းပြ ဆုံးမတာတွေ လုပ်မနေပဲ သူ့နားမှာ ကလေးနဲ့အတူ နေပေးပါ။ ကလေး အများစုဟာ ဒီလိုအခါမျိုးမှာ တဖြည်းဖြည်း သူ့ဟာသူ ပြန်ပြီး စိတ်ငြိမ်သွားပြီး ဝုန်းဒိုင်းကြဲတာလဲ ရပ်သွားပါလိမ့်မယ်။ အဓိကကတော့ မိဘလုပ်သူက ကလေးဝုန်းဒိုင်းကြဲနေချိန်မှာ စိတ်အေးအေး ထားဖို့ပါ။

တကယ်လို့ ဒီလိုဝုန်းဒိုင်းကြဲနေချိန်မှာ မိဘလုပ်သူက ကိုယ်စိတ်ကိုကိုယ် စထိန်းနိုင်ဘူး၊ စိတ်တိုလာတယ်၊ စိတ်မရှည်ဖြစ်လာတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီအခါမျိုးဆိုရင်တော့ ကလေးနားက အဝေးကို ခဏလေး ထွက်သွားလိုက်ပါ။ ကလေးနဲ့ အပြိုင် အော်ဟစ်ရန်ဖြစ်တဲ့အထိ မဖြစ်ပါစေနဲ့။ ခဏနေ ကိုယ့်စိတ်ငြိမ်သွားတော့မှ ကလေးဆီ ပြန်လာပါ။ မိဘက စိတ်အေးအေးထားတာကို မြင်တာဟာ ကလေးလုပ်တဲ့ သူက သူ့ရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်ဖို့ အကူအညီ ဖြစ်စေပါတယ်။

တချို့ကလေးပညာရှင်တွေကလဲ ကလေးက ဒီလိုဝုန်းဒိုင်းကြဲပြီဆိုရင် ကလေးကို ခဏချီပြီး ဖက်ထားလိုက်ဖို့ အကြံပြုပါတယ်။ ဒါပေမယ့် အချို့ကတော့ လက်မခံပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးကို “ဝုန်းဒိုင်းကြဲရင် မေမေက ပိုချစ်တယ်” ဆိုတဲ့ မှားယွင်းတဲ့ သင်ခန်းစာကို ပေးသလို ဖြစ်နိုင်တဲ့ အတွက် နောက်တကြိမ် ဝုန်းဒိုင်းကြဲဖို့ တွန်းအားပေးသလို ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

(၂) သင်က လူကြီးဆိုတာ မမေ့ပါနဲ့

အထူသဖြင့် လူကြားသူကြားထဲမှာ ဝုန်းဒိုင်းကြဲရင် သူလိုချင်တာ ပေးပြီး ဝုန်းဒိုင်းကြဲတာ ရပ်သွားအောင် လုပ်တတ်ပါတယ်။ ဒါမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာဟာ ကလေးကို “ငါလိုချင်တာ မရရင် ဝုန်းဒိုင်းကြဲလိုက်ရင် ရလိမ့်မယ်” ဆိုတဲ့ မှားယွင်းတဲ့ သင်ခန်းစာပေးသလို ဖြစ်နေပါလိမ့်မယ်။ ဒါဟာ နောက်တစ်ကြိမ် ဝုန်းဒိုင်းကြဲဖို့ တွန်းအားပေးသလို ဖြစ်နေပါတယ်။ ကလေးလုပ်သူနဲ့ အပေးအယူး လုပ်ဖို့လဲ မကြိုးစားပါနဲ့။ သူများတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ပါနဲ့။ ကလေးရှိတဲ့ မိဘတိုင်း တစ်ချိန်မဟုတ် တစ်ချိန် ဒါမျိုးကြုံဖူးတဲ့ သူကြီးပါပဲ။ ဘာမှ ရှက်စရာ မလိုပါဘူး။

နောက်တစ်ချက်ကတော့ ကလေးတွေ ဒီလိုဝုန်းဒိုင်းကြဲချိန်မှာ သူတို့ကိုယ်ကို သူတို့ ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားပါတယ်။ ဒီလိုဖြစ်တဲအတွက် သူတို့မှာ ကြောက်ရွှံစိတ် ဖြစ်ပေါ်လာပါတယ်။ မိဘလုပ်သူကပါ အခြေအနေကို ထိန်ချုပ်နိုင်စွမ်း မရှိဘူးဆိုရင် ကလေးဟာ ပိုပြီး ဆောက်တည်ရာမရ ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ မိဘလုပ်တဲ့သူက သူတို့ဟာ အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာ ပြဖို့လိုပါတယ်။ သင်ကလူကြီး ဖြစ်တဲ့အတွက် အခြေအနေကို ထိန်းချုပ်နိုင်တာ သင်ပဲဖြစ်ပါတယ်။ ဝုန်းဒိုင်းကြဲနေတဲ့ ကလေးက အခြေအနေကို ထိန်းချုပ်တာမျိုး မဖြစ်စေပါနဲ့။

ဝုန်းဒိုင်းကြဲနေတဲ့ ကလေးက အခြားသူတွေကို ရိုက်တာ၊ ကန်တာတွေ လုပ်လာမယ်၊ မွေးထားတဲ့ ကြောင်လေးခွေးလေးတွေကို ရိုက်တာ၊ ပစ္စည်းတွေ ပစ်ပေါက်ခွဲတာတွေ လုပ်လာမယ်ဆိုရင် သူတို့ကို တခြားသူတွေနဲ့ ဝေးတဲ့နေရာကို ခေါ်သွားပါ။ သူတို့ မရပ်မခြင်း ဘယ်မှာ မသွားရဘူး၊ မေမေလဲ သားသား/မီးမီးနဲ့ အတူနေပေးမယ် ဆိုတဲ့ အကြောင်း လေအေးအေးနဲ့ ပြောပြီး ကလေး ငြိမ်သွားတဲ့ အထိ သူနဲ့ နေပေးပါ။ အကယ်လို့ လူကြားထဲမှာ ထဖြစ်တယ်ဆိုရင် လူကြားထဲက ဝေးဝေးကို ခေါ်သွားပြီး ဝုန်းဒိုင်းကြဲတာ ရပ်သွားမှာ ပြန်ခေါ်လာပါ။

(၃) ကြားဖြတ်ချိန် (Time Out) ကို တစ်ခါတစ်လေ အသုံးပြုပါ

ကလေးရဲ့ အသက် တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ဆိုရင် သူဝုန်းဒိုင်းကြဲချိန်မှာ “ကြားဖြတ်ချိန်” သတ်မှတ်ပေးတဲ့ နည်းကို သုံးနိုင်ပါတယ်။ ဒီနည်းကို တစ်ခြားနည်းတွေ အလုပ်မဖြစ်တဲ့ အခါမျိုးမှာ သုံးစွဲနိုင်ပါတယ်။ ကလေးအနှောက်အယှက် ကင်းတဲ့ နေရာမျိုး မှာ တစ်ယောက်ထဲ ခဏ နေခိုင်းတာမျိုးဟာ သူ့ကို စိတ်ငြိမ်အောင် လုပ်ပေးနိုင်ပါတယ်။ ဒီလိုကြားဖြတ်ချိန်ကာလက သိပ်တော့ မကြာသင့်ပါဘူး။ အကြမ်းဖြင်းအားဖြင့်တော့ ကလေးအသက် တစ်နှစ် ကို တစ်မိနစ်နှုန်းနဲ့ ကြားဖြတ်ချိန် သတ်မှတ်သင့်ပါတယ်။ ကြားဖြတ်ချိန် မသတ်မှတ်မီ ကလေးကို ဘာလို့ ကြားဖြတ်ချိန် သတ်မှတ်ရတာလဲ ဆိုတာ ရှင်းပြပါ။ “သမီးစိတ်ထိန်းနိုင်ဖို့ တစ်ယောက်ထဲ ခဏနေဖို့လိုတယ်။ ဒီနားမှာ ခဏနေ၊ မေမေဟိုမှာရှိမယ်။ သမီးစိတ်ငြိမ်တော့မှ မေမေ ပြန်လာမယ်” ဆိုတာမျိုး ပြောပြပြီးမှ ကြားဖြတ်ချိန် သတ်မှတ်ပါ။ ကြားဖြတ်ချိန်ကို အပြစ်ပေးမှု တစ်ခုအနေနဲ့ အသုံးမချပါနဲ့။ ကလေးကိုလဲ ဒါအပစ်ပေးတာ မဟုတ်ဘူးဆိုတာ ရှင်းပြပါ။ သူ့အတွက် သတ်မှတ်ပေးတဲ့ နေရာမှာ မနေဘူးဆိုရင် သူ့နေရာကို ညင်ညင်သာသာ ပြန်ခေါ်လာပေးပါ။ သတ်မှတ်ထားတဲ့ ကြားဖြတ်ချိန် မကုန်မချင်း သူ့ကိုယ်သူ တစ်ခုခု ဒါဏ်ရာ အနာတရ ဖြစ်အောင် လုပ်တာမျိုးက ကာကွယ်ဖို့ကလွဲလို့ သူနဲ့ လုံးဝ စကားပြောခြင်း၊ အမူအရာ ပြခြင်း၊ မျက်လုံးခြင်း စုံခြင်းမျိုးက ရှောင်ကျဉ်ပါ။

(၄) ဝုန်းဒိုင်းကြဲပြီးသွားရင် ကလေးနဲ့ ဖြစ်စဉ်ကို ပြန်ပြီးဆွေးနွေးပါ

ကလေးငြိမ်သွားပြီဆိုရင် သူ့ကိုဖက်ပြီး ဘာဖြစ်တာလဲ ဆိုတဲအကြောင်း သူနဲ့ ပြန်ပြောပါ။ သူနားလည်တဲ့ စကားလုံးတွေသုံးပြီး သူနားလည်အောင် ပြောပြပါ။ ကလေး စိတ်ရှုပ်တာ၊ စိတ်မထိန်းနိုင်တာကို မိဘက နားလည်ကြောင်း ပြောပြပါ။ ကလေးခံစားရတာကို သူက ထုတ်မပြောတတ်တာကို ကိုယ်က ပြောပြတတ်အောင် ကူညီပါ။ ဥပမာ၊ “သမီးစားခြင်တဲ့ ကြက်ဥကျော်က နဲနဲ မာသွားလို့ သမီးစိတ်တိုတာ မဟုတ်လား။ နောက်တခါ ကြက်ဥနှစ်ကို အရည်လေးနဲ့ ကြော်ပေးဖို့ မေ့မေ့ကို ပြောပေါ့” ဆိုတာမျိုးနဲ့ ကလေးပြောချင်ပြီး ပြောမပြတတ်တာကို ကိုယ်က ပြောပြတတ်အောင် သင်ပေးပါ။

(၅) ကိုယ်က သူ့ကိုချစ်တယ်ဆိုတာ သင့်ကလေး သိပါစေ

ကလေးဝုန်းဒိုင်းကြဲပြီလို့ ပြန်ငြိမ်သွားတဲ့အခါ သူ့ကိုဖက်ပြီး သူ့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြပါ။ ဒီလိုဝုန်းဒိုင်ကြဲတဲ့ အတွက် ပြန်ငြိမ်သွားပြီးရင် အပြစ်မပေးပါနဲ့။ ဒီလို ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်နိုင်တာလဲ ကောင်းမွန်တဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်လို့ သူတို့ကို ချီးကျူးသင့်ပါတယ်။ “သမီးက ကိုယ့်စိတ်ကို ကိုယ်ထိန်းနိုင်တာပဲ” ဆိုတာမျိုးပေါ့။

(၆) ဝုန်းဒိုင်းကြဲနိုင်တဲ့ အခြေအနေမျိုးကို သိရင် ကြိုတင်ရှောင်ရှားပါ

ဈေးသွားရင် အရုပ်ဆိုင်ရှိတဲ့ နေရာက ဝေးဝေးရှောင်တာမျိုးပေါ့။ အတိတ်က ဖြစ်ဖူးတာတွေကို သင်ခန်းစာယူပြီး နောက်ဒါမျိုး မဖြစ်အောင် ဒီလိုအခြေအနေတွေကို ကြိုတင်ရှောင်ရှားပါ။ ကလေးက ဗိုက်ဆာရင် ဂျီကျတတ်ရင် သူဆာရင်စားဖို့ မုန့်လေးတွေ ဆောင်ထားပါ။ ညနေပိုင်တွေ သူ့ကို ဂရုမစိုက်နိုင်လို့ ဂျီကျတတ်ရင် ညနေပိုင်း သူ့ကိုဂရုစိုက်နိင်အောင် ကိုယ့်အလုပ်တွေကို စောစောပြီးအောင်လုပ်ထားပါ။ တီဗီကြည့်တာကနေ ရပ်ခိုင်းရင် ထသောင်းကျန်းတတ်ရင် သူ့ကို တီဗီပိတ်တော့မယ့်အကြောင်း ၁၅ မိနစ်လောက် ကြိုအသိပေးထားပါ။ အကယ်လို့ ဝုန်းဒိုင်းကြဲမယ့် လက္ခဏာတွေ ပေါ်လာရင် ဝုန်းဒိုင်းမကြဲခင် သူအာရုံပြောင်းအောင် လုပ်ပေးပါ။

နောက်တစ်ခုကတော့ ဒီလို ဝုန်းဒိုင်းကြဲတယ် ဆိုတာ သင့်ကလေး ပိုပြီး လွတ်လပ်လာတာ (independent) ကို ပြနေပါတယ်။ သူ့ကို “ဟင့်အင်း” လို့ လုံးဝငြင်းလိုက်မယ့်အစား ရွေးချယ်ခွင့် ပေးပါ။ “ကြက်ဥပြုတ်စားစမ်း” လို့ အမိန့်ပေးတာထက် “ကြက်ဥပြုတ် စားမလား ကြက်ဥကြော် စားမလား” ဆိုပြီး ရွေးချယ်ခွင့် ပေးပါ။

(၇) ကလေးမှာ စိတ်ဖိစီးတဲ့ လက္ခဏာတွေ ရှိမရှိ သေသေချာချာ စောင့်ကြည့်ပါ

ဝုန်းဒိုင်းကြဲတာ ကလေးတိုင်းလိုလို ငယ်ရွယ်တုန်း ဖြစ်တတ်ပေမယ့်လဲ ကလေးကို စိတ်ဖိစီးစေတဲ့ ကိစ္စတွေကလဲ ဒီဝုန်းဒိုင်းကြဲတဲ့ အခြေအနေကို ပိုဆိုးစေပါတယ်။ မိဘတွေ အိမ်ထောင်ရေး အဆင့်မပြေတာ၊ မိဘက အရမ်းအလုပ်ရှုပ်လို့ ကလေးကို လှည့်မကြည့်နိုင်တာ၊ ကလေးအငယ် မွေးလာတာ စတာတွေဟာ ကလေးတွေကို စိတ်ဖိစီးမှု များစေပြီး ဝုန်းဒိုင်းကြဲတာကို ပိုဆိုးစေပါတယ်။ အကယ်၍ သင်ကလေးရဲ့ ဝုန်းဒိုင်းကြဲတဲ့ ဖြစ်စဉ်ဟာ အရမ်းစိတ်မယ်၊ ဒါမှမဟုတ် ဝုန်းဒိုင်းကြချိန်မှာ ကိုယ့်ကိုယ်ကို ထိခိုက်နာကျဉ်အောင် လုပ်မယ်ဆိုလျင်တော့ သင့်ကလေးကို ကလေး စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ တိုင်ပင်ဖို့ လိုကောင်းလိုပါလိမ့်မယ်။

Source: Baby Center | Tantrums

Leave a Reply Cancel reply