ဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ

ကလေးတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို ထပ်ခါတလဲလဲ မငြီးငွေ့တမ်း ပြန်လည်ဖတ်ရှု တတ်ကြပါတယ်။ လူကြီးတွေ အတွက်တော့ ငြီးငွေ့စရာ ကောင်းလှပေမယ့် (ကလေးငယ်တွေက မဖတ်နိုင်သေးတော့ ဖတ်ရမယ့်တာဝန်က မိဘတွေဆီ ရောက်လာတာကိုး) ကလေးတွေ အတွက်တော့ ဒါဟာ အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။ ကလေးတွေဟာ သူတို့ဖတ်ပြီးသား စာကြောင်းတွေကို ထပ်ခါတလဲလဲ ပြန်လည်ဖတ်းရှုခြင်းအားဖြင့် စာကလုံးတွေကို ပိုမိုမှတ်မိ လာပါတယ်။ စာကြောင်းသုံးနှုံးပုံတွေလဲ ပိုမိုနားလည် မှတ်မိလာပါတယ်။ စာအုပ်တွေကို ထပ်ခါထပ်ခါ ဖတ်ရှုခြင်းအားဖြင့် ကလေးတွေရဲ့ စကားလုံး နားလည်နိုင်စွမ်းကို ပျမ်းမျှခြင်း ၄၀% လောက် ပိုမိုတိုးတက် စေနိုင်တယ်လို့ သုတေသန ပြုချက်တွေက ဆိုကြပါတယ်။ ဒါပေမယ့် ဒီအကျိုးကျေးဇူးဟာ အသံထွက်ပြီး ကျယ်ကျယ်ဖတ်မှပဲ ရနိုင်တယ်လို့ ဆိုပါတယ်။

သုတေသန ပြုချက်တွေအရ ကျောင်းမနေမီအရွယ် ကလေးတွေကို စာကျယ်ကျယ် ဖတ်ပြခြင်းအားဖြင့် သူတို့ရဲ့ ဦးဏှောက်ထဲက စကားလုံးတွေ နားလည်နိုင်မှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းနဲ့ စိတ်ကူးဉာဏ် ကွန်းမြူးမှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းတွေဟာ ပိုမိုအလုပ်လုပ် ပြီး အားကောင်းလာတယ်လို့ ဆိုပါတယ်။ ဒီလို စာဖတ်ပြခြင်း ခံရတဲ့ ကလေးတွေ ကျောင်းတက်လို့ စာစသင်တဲ့ အခါမှာ စကားလုံးတွေကို နားလည်နိုင်စွမ်းနဲ့ စာကြောင်းတွေ နားလည်နိုင်စွမ်း အားကောင်းလို့ စာဖတ်သင်ရတာ ပိုလွယ်တယ်လို့ ဆိုကြပါတယ်။

ကလေးတွေကို စာဖတ်ပြရာမှာ ဘယ်အရွယ်ကမဆို စတင်ဖတ်ပြ နိုင်ပါတယ်။ ကလေးမွေးကင်းစ လသားအရွယ်ကတဲက စတင်ဖတ်ပြခြင်းအားဖြင့် ကလေးရဲ့ စကားလုံးတွေ နားလည်နိုင်စွမ်းအား ကောင်းလာနိုင်တယ်လို့တောင် အချို့ကလေး ဖွံ့ဖြိုးမှု ပညာရှင်တွေက ဆိုကြပါတယ်။ အထူးသဖြင့် ကလေးကို ကိုယ့်မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကား တစ်ခုခုမှာ ထူးချွန်စေချင်ရင် (ဥပမာ အင်္ဂလိပ်စာ ထူးချွန်စေချင်ရင်) ဒီဘာသာစကားနဲ့ ရေးသားထားတဲ့ ပုံပြင်နဲ့ အခြားစာအုပ်တွေကို ကလေးစ စကားမပြောတတ်မီ အချိန်ကတဲက ပုံမှန်ဖတ်ပြနေရင် ဒီဘာသာစကားကို သင်တဲ့အခါမှာ ပိုမိုလွယ်ကူနိုင်တယ်လို့ ဆိုကြပါတယ်။

အောက်မှာ ကလေးကို အသံကျယ်ကျယ်နဲ့ စာဖတ်ပြသင့်တဲ့ အကြောင်း (၅) ချက်ကို ဆွေးနွေးထားပါတယ်။

(၁) စာဖတ်နိုင်အားကို ကောင်းစေတယ်

စာဖတ်ခြင်းကြောင့် စာဖတ်နှုန်း မြန်လာစေသလို စကားလုံးတွေကို မှတ်မိမှု၊ စကားလုံးတွေကို နားလည်မှုလဲ တိုးတက်လာပါတယ်။ ဒါ့အပြင် ဒီစကားလုံးတွေရဲ့ အသုံးအနှုံး (usage) လဲ နားလည်သဘောပေါက်လာစေပါတယ်။ စာကြောင်းပေါ် မူတည်ပြီး စကားလုံးတွေရဲ့ အဓိပ္ပါယ် ကွဲပြားတာတွေကိုလဲ သဘောပေါက်လာပါတယ်။

မိဘက စာဖတ်ပြခြင်းအားဖြင့် စကားလုံးတွေရဲ့ အသံထွက်တွေနဲ့ ကလေးက ယဉ်ပါးလာပါတယ်။ ပုံမှန် စာဖတ်တဲ့နှုန်းနဲ့ ဖတ်ပြခြင်းအားဖြင့်လဲ ပုံမှန်စာဖတ်တဲ့ အနေအထား အသံ အဖြတ်အတောက်တွေကို ကလေးက ယဉ်ပါးလာပါတယ်။ ကိုယ်တိုင်စာဖတ်တဲ့ အခါ ဖတ်ရမယ့် စာဖတ်နှုန်းကို ကလေးက သဘောပေါက် ယဉ်ပါးလာတဲ့အတွက် ကလေးကိုယ်တိုင် စစာဖတ်တဲ့ အခါမှာ ဒီနှုန်းနဲ့ စာဖတ်နိုင်အောင် ကလေးက ကျိုးစားပါလိမ့်မယ်။ ပုံမှန်စာဖတ်နှုန်းနဲ့ ဖတ်နေရင်းနဲ့ စာကြောင်းတွေကို နားလည်နိုင်အောင် ကလေးက ကျိုးစားတဲ့အတွက် စာဖတ်နိုင်စွမ်းအား တက်လာပါတယ်။

ကလေးက စာဖတ်နိုင်အား တက်လာအောင် မိဘက စာဖတ်ပြတဲ့အခါ ကလေးကြိုက်နှစ်သက်လို့ ထပ်ခါတလဲလဲ ဖတ်တတ်တဲ့ စာအုပ်မျိုးတွေနဲ့ အစပြု လေ့ကျင့်ပေးပါ။ ကလေးကို ပထမ စာကြောင်း တစ်ကြောင်းချင်းစီ ဖတ်ပြပါ။ ကိုယ်က စာကျောင်းတစ်ကျောင်း ဖတ်ပြပြီးတိုင်း ကလေးကို နောက်ကနေ ဖတ်ပြပြီးတဲ့ စာကျောင်းကို လိုက်ဆိုပါစေ။ ကလေးက ထပ်ခါထပ်ခါ ဖတ်ထားတဲ့ စာအုပ်ဖြစ်လို့ ကလေးအတွက် လိုက်ဆိုရတာ သိပ်ပြီး အခက်အခဲ ရှိမှာ မဟုတ်ပါဘူး။ ကလေးက ကိုယ်စာဖတ်တဲ့အသံ ကိုယ်ပြန်ကြားရတဲ့ အတွက် ကလေးရဲ့ စာဖတ်နိုင်ဖို့ ယုံကြည်ချက်လဲ တက်လာစေပြီး စာဖတ်စွမ်းအားကောင်းအောင် ပိုပြီး အားပေးရာ ရောက်စေပါတယ်။

(၂) စကားလုံး (vocabulary) တွေ ပို သိလာတယ်

ကလေးတွေ စာဖတ်များလာတာနဲ့ အမျှ စကားလုံး အသစ်တွေနဲ့ ထိတွေ့မှု များလာပြီး စကားလုံးတွေ ပိုပြီး သိလာပါတယ်။ စကားလုံးတွေ ပိုသိလာတာနဲ့ အမျှ စာဖတ်ရတာလဲ ပိုမိုလွယ်ကူ လာတဲ့အတွက် ကလေးက စာဖတ်ရတာကို အခက်အခဲ တစ်ခုလို မမြင်တော့ပဲ စာဖတ်ရတာကို ပိုမိုပျော်ရွှင် လာစေပါတယ်။ ကလေးတွေ စကားလုံး အသစ်တွေနဲ့ ယဉ်ပါးစေဖို့၊ စကားလုံးအသစ်တွေ နားလည်အောင်လို့ မိဘတွေက ကလေးတွေနဲ့ သင့်တော်တဲ့ စာအုပ်တွေကို အသံကျယ်ကျယ်နဲ့ အသံထွက် ဖတ်ပြခြင်းအားဖြင့် ကလေးက စကားလုံး အသစ်တွေကို နားရည်ဝနေပြီး စာဖတ်လို့ ဒီစကားလုံးတွေ တွေ့ရတဲ့ အခါမှာ အခက်အခဲ မရှိတော့ပဲ နားလည်နိုင်စေပါတယ်။

စာအုပ်တစ်အုပ်ကို စမဖတ်ခင်မှာ ကလေးနဲ့အတူ စာမျက်နှာတွေ လျှောက်လှန်ကြည့်ပြီး ကလေးမမြင်ဖူးတဲ့ စကားလုံးတွေ အရင်ရှာကြည့်ပါ။ တွေ့ရင် ဒီစကားလုံးတွေက ဘာကို ဆိုလိုလဲ၊ ဘာအဓါပ္ပါယ် ရှိလဲဆိုတာ ကလေးနဲ့ အတူ dictionary မှာ ရှာဖွေပါ (ကိုယ်မသိတဲ့ စကားလုံးတွေ ဖြစ်နေရင် ကိုယ်လဲ သိသွားတာပေါ့)။ စာအုပ်တစ်အုပ်ထဲမှာ ရေးမှတ်ထားပြီး စာအုပ်ကို ဖတ်တဲ့ အခါ ဒီစကားလုံး ပြန်တွေ့တဲ့ အခါမှာ ပြန်ပြီး ရည်ညွှန်းနိုင်ပါတယ်။ ဒါဆို စာဖတ်ရတာလဲ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတာပေါ့။

(၃) ကလေးကို စာကြောင်းတွေ နားလည်နိုင်စွမ်းအား တိုးတက်လာအောင် ကူညီပေးတယ်

စာဖတ်နိုင်စွမ်းအား ကောင်းတယ်ဆိုတာ ကိုယ်ဖတ်တဲ့ စာကို ဘယ်လောက် နားလည်နိုင်လဲ ဆိုတာပေါ် အများကြီး မူတည်ပါတယ်။ လူကြီးတွေ စာဖတ်တဲ့ အခါမှာ စာကြောင်းတစ်ကြောင်းကို နားမလည်ဘူးဆို ဒီစာကြောင်းကို ပြန်ပြီး ဖတ်ရှုပြီး နားလည်အောင် ကြိုးစားလေ့ ရှိပါတယ်။ ဒီအလေ့အကျင့်ကို ကလေးတွေ မှာလဲ ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ ကလေးကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို အသံထွက်ပြီး ထပ်ခါထပ်ခါ ဖတ်ပြခြင်းအားဖြင့် ကလေးရဲ့ စာကြောင်းတွေကို နားလည်နိုင်စွမ်းအား တိုးတက်လာစေသလို ကိုယ်နားမလည်တဲ့ စာကြောင်းတွေကိုလဲ နားလည်လာတဲ့အထိ ထပ်ခါ ထပ်ခါ ဖတ်ရှုတတ်တဲ့ အလေ့အကျင့် တိုးတက်လာစေပါတယ်။

စာတစ်အုပ်ကို စမဖတ်ပြခင်မှာ ကလေးနဲ့အတူ ဒီစာအုပ်ထဲက ရေးထားတဲ့ အကြောင်းတွေကို အရင် ဆွေးနွေးပါ။ စာအုပ်ထဲက ပုံလေးတွေကို ပြပြီး ဒီစာအုပ်က ဘာအကြောင်း ဖြစ်မယ်ထင်သလဲ ဆိုတာကို ကလေးကို မေးပါ။ သူ့ရဲ့ စိတ်ကူးဉာဏ်ကိုလဲ ရင့်သန်လာ စေပါတယ်။ စာဖတ်ပြီးတဲ့ အခါမှာလဲ ပုံပြင်နဲ့ ပါတ်သက်တဲ့ မေးခွန်းလေးတွေ ပြန်မေး၊ ကလေးနဲ့အတူ ဆွေးနွေးခြင်းအားဖြင့် ကလေးရဲ့ ပုံပြင်အပေါ် နားလည်မှုကို ပိုမိုရင့်သန်လာ စေသလို နားလည်တာကို ပြန်လည် သုံးသပ်စဉ်းစား ဆင်ခြင်နိုင်အားကိုလဲ ကောင်းမွန်လာ စေပါတယ်။

(၄) မိသားစု စည်းလုံးမှု ပိုရစေတယ်

အိမ်မှာ ကလေးကို အဓိက ထိန်းကျောင်းတာ မိခင်ပဲ ဖြစ်ပါတယ်။ ကလေးတွေနဲ့ အနေများတာကလဲ မိခင်ပဲ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ကလေးကို စာဖတ်တဲ့ တာဝန်ကို ခွဲဝေယူခြင်းအားဖြင့် ကလေးတွေနဲ့ ဖခင်ဖြစ်သူကြားမှာ တွေ့ရတဲ့ အချိန်ပိုများလာသလို ကလေးနဲ့ ဖခင်ဖြစ်သူနဲ့ ရင်းနှီးကျွမ်းဝင်မှု (bonding) လဲ ကောင်းလာစေပါတယ်။ ဒါဟာ ကလေးကြီးလာတဲ့ အခါမှာ ဖခင်အပေါ် ယုံကြည်ကိုးစားမှု တိုးတက်လာစေတဲ့အတွက် လူပျိုအပျိုပေါက် ဝင်ချိန် ဖခင်ရဲ့ ဩဇာလွမ်းမိုးမှုလဲ အားကောင်းလာစေပါတယ်။ ဒီလို စာဖတ်ပြရင်းနဲ့လဲ ဖခင်ဖြစ်သူက ဘဝသင်ခန်းစာတွေ မျှဝေသင်ကြား ပေးနိုင်တဲ့အတွက် ကလေးကို ပိုမို အကျိုးဖြစ်ထွန်းစေပါတယ်။

(၅) စာအုပ်တွေ ဖတ်ရတာကို ပျော်ရွှင်လာစေတယ်

ဒီနေ့လို ဒစ်ဂျစ်တယ် ခေတ်ကြီးမှာ တီဗီ၊ ဖုန်း၊ Facebook, Youtube, ဂိမ်း အစရှိသဖြင့် အာရုံထွေပြား စရာတွေ အလွန်များပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က တီဗီနဲ့ စာဖတ်တာကလွဲလို့ အခြားဖြေဖျော်မှု ဘာမှ သိပ်မရှိခဲ့ ပေမယ့် အခုခေတ် ကလေးတွေကတော့ အာရုံထွေပြား စရာတွေ ပတ်လည်ဝိုင်းလို့ နေပါတယ်။ ငယ်ငယ်က မိုးလေးအေးအေးနဲ့ အိပ်ယာပေါ် စာအုပ်တစ်အုပ်နဲ့ ခွေခဲ့ရတဲ့ အရသာကို အခုခေတ် ကလေးတွေ သိနိင်ဖို့ မလွယ်ပါဘူး။ ကလေးနဲ့ အတူ စာဖတ်ခြင်းအားဖြင့် စာဖတ်ရတဲ့ အရသာ ပျော်ရွှင်မှုကို ကလေးတွေ နားလည်အောင် လက်ဆင့်ကမ်း သင်ပေးသလို ဖြစ်စေပါတယ်။ ကလေးက စာဖတ်ရတာ ပျော်ရွှင်တဲ့ အတွက် အသက်ကြီးလာတဲ့ အခါမှာ သူစိတ်ဝင်စားရာ ဗဟုသုတ ဖြစ်ဖွယ်စာအုပ်တွေ ရွေးချယ်ဖတ်ရှုစေပြီး အထွေထွေ ဗဟုသုတ တိုးပွားလာ စေတဲ့အပြင် ကျောင်းစာလေ့လာရာမှာလဲ လွယ်ကူလာစေပါတယ်။

မနက်ဖြန်ကို စောင့်မနေပါနဲ့။ ဒီနေ့ပဲ အိမ်ပြန်ရောက်ရင် ကလေးကို ရင်ခွင်ထဲ ထားပြီး စာအုပ်တစ်အုပ် စဖတ်ပြလိုက်ပါ။ နေ့တိုင်းလဲ အလေ့အကျင့် တစ်ခုလိုလုပ်ပြီး ပုံမှန်စာဖတ်ပြတဲ့ အကျင့် လုပ်ပေးပါ။ အထူးသဖြင့် ကိုယ့်ကလေးကို အင်္ဂလိပ်စာ ထူးချွန်စေချင်ရင် ငယ်ငယ်ကတဲက အင်္ဂလိပ်စာ စာအုပ်တွေကို နေ့စဉ်ပုံမှန် ဖတ်ပြတဲ့ အကျင့်ကို ကလေးငယ်ငယ် ကတဲက မွေးမြူပေးပါ။ အင်္ဂလိပ်စာမှာ သူများထက် ထူးချွန်တဲ့ ကလေးတွေ ဖြစ်လာတာကို နှစ်အနည်းငယ် အတွင်းမှာ တွေ့မြင်ကြရမှာပါ။

Reference: The Converstaion | Five Reasons Why You Should Read Aloud to Your Kid

Leave a Reply Cancel reply