ဘာ့ကြောင့် ကလေးကို မရိုက်သင့်တာလဲ

မိဘတော်တော်များများဟာ ကလေးတွေ ပြောမရ ဆိုမရ ဖြစ်လာရင် စိတ်တိုပြီး ကလေးကို ရိုက်ချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ တချို့မိဘတွေကလဲ စိတ်မထိန်းနိုင်ပဲ ကလေးကို ရိုက်မိတတ်ကြပါတယ်။ အချို့ရှေးဆန်တဲ့ မိဘတွေကတော့ ကလေးကို ရိုက်နှက်ဆုံးမဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆ ရှိကြပါတယ်။ ဒီခေတ်မှာတော့ မိဘ တော်တော်များများဟာ ကလေးကို ရိုက်နှက်ဆုံးမတာမျိုး မလုပ်သင့်တော့ဘူးဆိုတာ သဘောပေါက် နားလည်လာကြပေမယ့် စိတ်ဒေါသအလျှောက် တခါတလေ ရိုက်နှက်မိ တတ်ကြပါတယ်။ ဒါ့ကြောင့် ဘာကြောင့် ကလေးကို ရိုက်နှက်ဆုံးမတာမျိုး မပြုလုပ်သင့်ဘူးလဲဆိုတဲ့ အကြောင်း (၉) ချက်ကို အောက်မှာ တင်ပြဆွေးနွေးထားပါတယ်။

(၁) ရိုက်နှက်ဆုံးမတာဟာ ကလေးကို “အားကြီးသူက မှန်တယ်” ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို သင်ပေးပါတယ်

သင့်ကလေး မှားယွင်းမှု တစ်ခုခု လုပ်မိလို့ ကလေးကို ရိုက်နှက်ဆုံးမခြင်းအားဖြင့် သင်ဟာ ကလေးကို “အားကြီးတဲ့သူ၊ ခွန်အားကြီးတဲ့သူက မှန်တယ်မှားတယ်ဆိုတာ ဆုံးဖြတ်နိုင်ခွင့်ရှိတယ်” ဆိုတဲ့ အယူအဆကို သင်ကြားပေးသလို ဖြစ်နေပါတယ်။ ဆိုလိုတာက သင့်ကလေး ကြီးလာတဲ့ အခါမှာလဲ သူဟာ သူ့ထက် အားနဲသူတွေအပေါ်မှာ မှန်တယ်မှားတယ် ဆိုတာကို ဆုံးဖြတ်နိုင်ခွင့်ရှိတယ်လို့ သင်ပေးနေ သလိုပါပဲ။

(၂) အသက်ကြီးသူက အသက်ငယ်သူကို ရိုက်နှက်ပိုင်ခွင့် ရှိတယ်လို့ ကလေးက မှတ်ယူသွားမယ်

ကလေးကို ရိုက်နှက်ဆုံးမခြင်းအားဖြင့် အသက်ကြီးတဲ့သူတွေဟာ အသက်ငယ်တဲ့ သူတွေကို ရိုက်နှက်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို ကလေးကို သင်ပေးသလို ဖြစ်နေပါတယ်။ အားကြီးသူက အားငယ်သူကို ရိုက်နှက်ခွင့် ရှိတယ်လို့ ကလေးက မှတ်ယူသွားနိုင်ပါတယ်။ နောက်ပြီး ကိုယ့်ကလေးက အခြားကလေးကို ရိုက်နှက်ထိုးကြိတ်လို့ ကိုယ်က ကိုယ့်ကလေးကို ရိုက်နှက်ဆုံးမတယ်ဆိုရင် ကလေးက ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး (ကလေးကို မရိုက်ဖို့၊ မထိုးဖို့လဲ ဆုံးမတယ်၊ မိဘလုပ်သူကကျတော့ ကလေးကို ရိုက်တယ်ဆို ကလေးက ဘယ်လိုနားလည်ရမှန်း မသိဘူး ဖြစ်တတ်ပါတယ်။)

(၃) အကြမ်းဖက်ရိုက်နှက်ခြင်းအားဖြင့် ပြဿနာတွေကို ဖြေရှင်နိုင်တယ် ဆိုတဲ့အတွေး ကလေးမှာ ဝင်သွားနိုင်တယ်

ကလေးက တစ်ခုခု အမှားလုပ်မိလို့ ကလေးကို ရိုက်နှက်ဆုံးမတာ၊ ကလေးက ကိုယ်ပြောတာ နားမထောင်လို့ ကလေးကို ရိုက်နှက်တာဟာ ကလေးကို “အကြမ်းဖက် ရိုက်နှက်ခြင်းအားဖြင့် ပြဿနာတွေကို ဖြေရှင်းလို့ရတယ်” ဆိုတဲ့ အယူအဆ သွတ်သွင်းပေးသလို ဖြစ်နေပါတယ်။ ကလေးက နောက်ဆို ပြဿနာတွေကို အဖြေရှာရာမှာ ဆွေးနွေးညှိနိုင်း အဖြေရှာခြင်း နည်းလမ်းကို ကျင့်သုံးဖို့ မကျိုးစားတော့ပဲ အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ပြဿနာကို အဖြေရှာတဲ့ အလေ့အကျင့် ဝင်သွားနိုင်ပါတယ်။ ရိုက်နှက်ခြင်းအားဖြင့် “အနိုင်ကျင့်တာ မှန်တယ်” လို့ ကလေးက ယုံကြည်ယူဆ သွားနိုင်ပါတယ်။

(၄) ရိုက်နှက်ခြင်းကြောင့် ကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖို့ထားမှု လျှော့နည်းသွားနိုင်ပါတယ်

မိဘရဲ့ အဓိက တာဝန်တစ်ရပ်က ကလေးကို အကာအကွယ် ပေးဖို့ပါ။ ကလေးတွေဟာ သူတို့မိဘက သူတို့ကို အကာအကွယ် ပေးလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒီလို အကာအကွယ် ပေးရမယ့် မိဘက ကလေးကို ရိုက်တဲ့အခါမှာ ကလေးလုပ်တဲ့သူဟာ အယုံအကြည် ကင်းမဲ့သွားနိုင်ပါတယ်။ ငါဘာများမှားနေလဲ၊ ငါဘာတွေ ချို့ယွင်းနေလို့ မေမေ၊ ဖေဖေက ငါကိုရိုက်ရတာလဲ ဆိုတဲ့ အတွေးဝင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု လျှော့နည်းသွားနိုင်ပါတယ်။

(၅) ရိုက်နှက်ခြင်းဟာ ကလေးကို စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ရစေနိုင်တယ်

နောက်ဆုံး သုတေသန ပြုမှုတွေအရ အသက်ကြီးတဲ့ အချိန်မှာ စိတ်ရောဂါ ခံစားရတာတွေဟာ ငယ်စဉ်က ရိုက်နှက်ခံရမှုနဲ့ ဆက်စပ်နေတယ်ဆိုတာ ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။ ဘာ့ကြောင့်ဆိုတာ သုတေသီတွေ မဆုံးဖြတ်နိုင်သေးပေမယ့် ငယ်စဉ်က မိဘက ရိုက်နှက်တဲ့ အခါ ကလေးမှာ စိတ်ဒါဏ်ရာ ဖြစ်စေပြီး ဒီစိတ်ဒါဏ်ရာက အသက်ကြီးတဲ့အထိ ပါသွားလို့ ဖြစ်တယ်လို့ ယူဆကြပါတယ်။

(၆) ကလေးကို ရိုက်နှက်ခြင်းအားဖြင့် ကလေးက မိဘအပေါ် ထားရှိတဲ့ ယုံကြည်မှု ပျက်စီးသွား စေပါတယ်

သင်ငယ်ငယ်က အရိုက်ခံခဲ့ရ ဘူးပါသလား။ ဒီလို အရိုက်ခံရတဲ့အခါ “ငါ့ကို ငါ့မိဘက ချစ်လွန်းလို့ ရိုက်နှက်ဆုံးမတာပါလား” ဆိုပြီး သင်စဉ်းစားမိသလား။ ဒါမှမဟုတ် “ငါ့မိဘက ငါ့ကိုချစ်တယ်ဆိုရင် ဘာလို့ ငါ့အသားနာအောင် လုပ်ရတာလဲ” ဆိုတဲ့အတွေးမျိုး ဝင်သွားသလား။ ဒါမှမဟုတ် အရိုက်ခံရတဲ့အခါ “ငါ့မိဘတွေကို မုန်းတယ်” ဆိုတဲ့ အတွေးမျိုး ဝင်သွားသလား။ ကလေးကို ရိုက်နှက်တဲ့ အတွက် ကလေးက မိဘအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ မိဘအပေါ် ခံစားရတဲ့ ယုံကြည်ချက်၊ နွေးထွေးလုံခြုံတဲ့ ခံစားချက် အစရှိတာတွေ ပျောက်ဆုံးပျက်စီး သွားနိုင်ပါတယ်။

(၇) ဘယ်သူမှ ကြောက်ရွှံ့ထိတ်လန့် နေတဲ့အချိန်မှာ သင်ခန်းစာတွေကို နားဝင်အောင် သင်ယူနိုင်စွမ်း မရှိပါဘူး

ကလေးဟာ အရိုက်ခံရတဲ့ အချိန်မှာ နာကျင်မှုကြောင့် ကြောက်ရွှံ့ထိတ်လန့် နေမှာပါ။ ဒီအချိန်မှာ ကြောက်ရွှံ့နေတာကြောင့် ကိုယ်ပြောတဲ့၊ ဆုံးမတဲ့ စကားတွေကို ကလေးနားဝင်လိမ့်မယ်လို့ သင်ထင်ပါသလား။ လူတွေဟာ ကြောက်လန့်လာတဲ့အခါမှာ “Fight or Flight” (ပြန်တိုက်ရင် တိုက်မယ်၊ မတိုက်ရင် ပြေးမယ်) ဆိုတဲ့ အခြေအနေကို ရောက်သွားပါတယ်။ ဒီအချိန်မှာ ဦးဏှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းစာ ကျဆင်းလို့သွားပြီး ဦးဏှောက်ဟာ ကြောက်လန့်ဖွယ်ရာ အခြေအနေကနေ ရုန်းထွက်ဖို့ကိုပဲ စဉ်းစားနိုင် ပါတော့တယ်။ ဒီအချိန်မှာ သင်ပြောသမျှကို ကလေးက စဉ်းစားနားလည်နိုင်စွမ်း မရှိတော့ပါဘူး။ သင်ဆုံးမတာတွေကိုလဲ ကလေးက နားလည်လက်ခံနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။

(၈) ကလေးကို ရိုက်နှက်တဲ့အတွက် မိဘလုပ်သူရဲ့ ကလေးအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်း ကျဆင်းသွား စေပါတယ်

ကလေးတွေဟာ သူတို့ကို ချစ်တဲ့၊ သူတို့ကို နားလည်တဲ့၊ သူတို့အပေါ်မှာ ဂရုစိုက်တဲ့ သူတွေပြောတဲ့ စကားကို အလေးထား နားထောင်လိုက်နာ တတ်ကြပါတယ်။ မိဘလုပ်သူက ကလေးကို ဂရုစိုက်တာ၊ ချစ်တာ၊ အလေးထားတာကို ကလေးကသိရှိ နားလည်ခံစားရရင် မိဘရဲ့ ကလေးအပေါ် လွှမ်းမိုးနိုင်စွမ်းလဲ တိုးတက်လာပါတယ်။ ဒါပေမယ့် မိဘက ကလေးကို ရိုက်တဲ့အခါကျတော့ ကလေးက မိဘရဲ့ အလေးထားမှုနဲ့ ချစ်ခြင်းမေတ္တာကိ ခံစားနားလည်နိုင်စွမ်း မရှိတော့တဲ့ အတွက် ဒီလိုမိဘလရဲ့ ပြောစကားကိုလဲ နားထောင်ဖို့ ဂရုမစိုက် တော့ပါဘူး။ ကလေးကို ရိုက်နှက်တဲ့အတွက် မိဘက ကလေးအပေါ်မှာ ရှိနေတဲ့ ဩဇာလွှမ်းမိုးမှုဟာ ပျက်စီးလျော့နည်း သွားနိင်ပါတယ်။

(၉) ကလေးကို ရိုက်ခြင်းအားဖြင့် ကလေးကို လိမ်ညာတတ်အောင် သင်ပေးသလို ဖြစ်နေပါတယ်

ကလေးဟာ အရိုက်ခံရတဲ့အတွက် နောက်တကြိမ် အရိုက်မခံရအောင် ရှောင်လွဲနိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့မယ်။ အကယ်လို့ အမှားအယွင်း တစ်ခုခု လုပ်မိရင် ရိုက်ခံရမှာ ကြောက်တဲ့အတွက် လိမ်ညာဖို့ ကြိုးစားပါလိမ့်မယ်။ ရိုက်နှက်ခြင်းအားဖြင့် ကလေးကို ကောင်းတဲ့ အမူအကျင့် သင်ပေးရာ မရောက်ပဲ လိမ်တတ်ညာတတ်အောင် သင်ပေးသလို ဖြစ်နေတတ်ပါတယ်။

ကလေးတွေကို ရိုက်နှက်ဆုံးမခြင်းကနေ ရှောင်ရှားနိုင် ကြပါစေ။

Leave a Reply Cancel reply