ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

ကလေးတော်တော်များများဟာ အင်္ဂလိပ်လို ပြောဖို့ ဝန်လေးကြပါတယ်။ အချို့ကလဲ ပြောရမှာ ရှက်လို့ မပြောချင်ကြဘူး။ အချို့က ပြောရင် မှားမှာကြောက်လို့ မပြောကြဘူး။ အချို့ကလဲ သူငယ်ချင်းတွေကြားမှာ အရီခံရမှာ ကြောက်တော့ မပြောချင်ကြဘူး။ မိဘတွေအနေနဲ့ ကိုယ့်ကလေး အင်္ဂလိပ်လို ပြောရဲဆိုရဲ ရှိလာအောင် အားပေးကူညီနိုင်ပါတယ်။

  • ကလေးက အင်္ဂလိပ်လို မပြောရင် စိတ်ပျက်တဲ့ ပုံစံ မပြပါနဲ့။ မိဘရဲ့ အချိန်ပြည့် အာရုံစိုက် ခံရတာဟာ တစ်ခါတစ်ရံ ခလေးတွေအတွက် စိတ်အနှောက်အယှက် ဖြစ်နိုင်ပါတယ်။
  • အင်္ဂလိပ်လို ပြောကျင့်မရှိတဲ့ ကလေးတွေဟာ အင်္ဂလိပ်လို စပြောရရင် စိုးရိမ်ပြီး ပြောမထွက် ဖြစ်တတ်ပါတယ်။ ကလေးရဲ့ စိုးရိမ်စိတ်ကို လျှော့နည်းစေဖို့ ကလေးကို အင်္ဂလိပ် စာလုံးတွေနဲ့ စာကြောင်းတွေကို ပြောရာမှာ ကိုယ်နဲ့ မျက်နှာ အမူအရာ အမျိုးမျိုး လုပ်ပြီး ပြောခိုင်းပါလို့ ကိန်းဘရစ် တက္ကသိုလ်က ကလေးစာပေ သင်ကြားရေး ပညာရှင်တွေက အကြံပြုပါတယ်။ ဥပမာ ကလးကို ဝမ်းနည်းတဲ့ မျက်နှာပေးနဲ့ ပြောခိုင်းတာ၊ ပြီးဝမ်းသာတဲ့ မျက်နှာပေးနဲ့ ပြောခိုင်းတာ၊ သီချင်းဆိုတဲ့ ပုံနဲ့ ပြောခိုင်းတာ၊ အိပ်ငိုက်နေ သလိုမျိုး ပုံနဲ့ ပြောခိုင်းတာ အစရှိ သဖြင့်ပေါ့။ ကလေးက ဒီလိုအမူအရာ အက်တင်တွေ လုပ်ဖို့ အာရုံစိုက်နေတဲ့အတွက် သူအင်္ဂလိပ်လို ပြောရမှာ စိုးရိမ်နေတာကို မေ့လျော့သွားနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။ ဒီနည်းကို လက်တွေ့စမ်းသပ်ပြီး အောင်မြင်မှုရတဲ့အတွက် စမ်းသပ်အသုံးပြုကြည့်သင့်ပါတယ်။
  • ကလေးက အင်္ဂလိပ်လို ပြောတဲ့အခါ စပြောစမှာ အမှားပါမှာပဲ။ ဒီအခါ မိဘလုပ်သူက အမှားတွေ့တိုင်း ပြင်ပေးချင်စိတ် ဖြစ်လာပါတယ်။ သင်ကြားရေး ပညာရှင်တွေကတော့ ကလေးပြောတဲ့ အမှားတိုင်းကို ပြင်မပေးပါနဲ့လို့ အကြံပြုပါတယ်။ အထူးသဖြင့် ကလေးက အင်္ဂလိပ်လို ပြောနေတုန်းမှာ မှားရင် သူပြောတာကို ဖြတ်ပြီး မပြင်ပေးပါနဲ့တဲ့။ ကလေးပြောပြီးတဲ့ အထိ ပြီးအောင်စောင့်ပါ။ ပြီးတော့မှ ဝါကအမှန်ကို ပြန်ပြင်ပြောပြပြီး ကလေးကို လိုက်ဆိုပါစေတဲ့။ “ဒီလိုမဟုတ်ဘူး (Not like that)” တို့ “ဒါမှားနေတယ် (this is wrong)” တို့ဆိုတာမျိုးတွေကို ဘယ်တော့မှ မပြောပါနဲ့တဲ့။ ဒီအစား “ဒီလိုပြန်ပြော ကြည့်ရအောင် (Let’s try it again)” ဆိုတာမျိုး ပြောပြီး ပြင်ပေးပါတဲ့။ ဘာသာစကား တစ်ခုကို သင်ယူတဲ့ အခါမှာ အမှားပြောခြင်း၊ အမှားရေးခြင်းဟာလဲ​သင်ယူမှုရဲ့ ဖြစ်စဉ်တစ်ခု ပါပဲလို့ ပညာရှင်တွေက ထောက်ပြပါတယ်။
  • ကလေးကို သင်ပေးတဲ့ အင်္ဂလိပ်စာလုံးတွေနဲ့ စာကြောင်းတွေကို ကလေးရဲ့ ကမ္ဘာထဲက အရာတွေနဲ့ ဆက်စပ်နိုင်အောင် ကြိုးစားပါ။ ကလေးရဲ့ ကမ္ဘာလေးထဲမှာဆိုရင် ပုံပြင်ထဲက မင်းသမီးလေးရှိမယ်၊ Frozen ရုပ်ရှင်ထဲက Elsa နဲ့ Anna ရှိမယ်။ Spider man လို ဆူပါဟီးရိုးတွေ ရှိမယ်။ နောက်ပြီး သူကစားတဲ့ အရုပ်ကလေးတွေ၊​ သူ့ပတ်ဝန်းကျင်က မြင်နေရတဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေ ရှိမယ်။ ဒါတွေနဲ့ သက်ဆိုင်တဲ့ အင်္ဂလိပ် စာလုံးတွေနဲ့ ဝါကျတွေကို သင်ပေးရင် ကလေးက ပိုပြီး အတတ်မြန်ပါတယ်။​ ဥပမာ မိန်းကလေးတွေဆိုရင် Frozen ရုပ်ရှင်ထဲက ဟာတွေကို ထောက်ပြပြီး အခေါ်အဝေါ်တွေ သင်ပေးနိုင်ပါတယ်။
  • နောက်ဆုံးအနေနဲ့ ပြောကြားလိုတာကတော့ ကလေးက မပြောရင် အဲ့ဒါကို အပြစ်ကြီး တစ်ခုလို၊ ကလေးရဲ့ ချို့ယွင်းချက်ကြီး တစ်ခုလို သဘောထားပြီး အကြီးအကျယ် မလုပ်ပါနဲ့။ ကလေးကို ပြောအောင် ကူညီပါ၊ အားပေးပါ၊ တစ်နေ့မှာ သွက်သွက်လက်လက် ပြောရမယ်ဆိုတဲ့ ယုံကြည်ချက်ထားပါ။ သင်က သူ့အပေါ် ယုံကြည်ချက် ရှိကြောင်းပြရင် သူကလဲ သူ့ကိုယ်သူ ယုံကြည်ချက် တိုးတက်လာပြီး ပြောလာပါလိမ့်မယ်။ တခြား ကလေးတွေနဲ့ နှိုင်းယှဉ်ပြီး သူများကလေးတွေကတော့ ပြောလိုက်တာ မွှတ်နေတာပဲ၊ ငါ့ကလေးကတော့ … ဆိုတာမျိုးကို ဘယ်တော့မှာ မပြောမိပါစေနဲ့။ ကိုယ့်ကလေး အပေါ်မှာ အပြည့်အဝ ယုံကြည်ချက် ထားပြီး အားပေးကူညီပါ။

Source: Encouraging your child to speak English | Cambridge English Assessment

Leave a Reply Cancel reply