ကလေးတစ်ယောက် တစ်ရက်ဘယ်လောက် စာဖတ်သင့်သလဲ

ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ

ကလေးတစ်ယောက်အတွက် စာများများ ဖတ်လေလေ စာဖတ်အားကောင်းလာပြီး စကားလုံးတွေ ကြွယ်ဝလာလေလော ဖြစ်ပါတယ်။ ပညာရှင်တွေက စာစဖတ်စ ကလေးငယ် တစ်ယောက်ဟာ (အသက် ၅ – ၇ နှစ်လောက် ကလေးတွေ) တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်နှစ်ဆယ်လောက်ထိ စာဖတ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါဟာ ပုံမှန်လုပ်နေကြ ကျောင်စာတွေနဲ့ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေ ဖတ်တဲ့အချိန်အပြင် ထပ်တိုးပြီး ဖတ်ဖို့အချိန်ကို ဆိုလိုတာပါ (ကျောင်းစာလုပ်ချိန်က ဒီ ၁၅ – ၂၀ မိနစ်အတွင်းမှာ မပါပါဘူး။) ပြင်ပဗဟုသုတနဲ့ ပုံပြင်တွေလို ဖြေဖျော်ရေးအတွက် ဖတ်တဲ့ အချိန်ကို ဆိုလိုတာပါ။ ဒါပေမယ့် ပညာရှင်တွေက စာဘယ်နှစ်မိနစ် ဖတ်လဲဆိုတာထက် စာဘယ်လောက် ပမာဏ ဖတ်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်လို့ ထောက်ပြပါတယ်။ အကယ်လို့ ဖတ်ရခက်တဲ့ (သူ့စာဖတ်နိုင်တဲ့ အဆင့်ထက် အများကြီး မြင့်တဲ့) စာအုပ်တစ်အုပ်ကို မိနစ် ၂၀ လောက် ကြိုးစားဖတ်တာဟာ လွယ်ကူတဲ့ စာအုပ်တစ်အုပ်ကို မိနစ် ၂၀ လောက် ဖတ်သလောက် စာလုံးရေ များများ ဖတ်နိုင်မှာ မဟုတ်ပါဘူး။

ဒီ ၁၅ – ၂၀ မိနစ်ဆိုတာ ပညာရှင်တွေက ဖတ်သင့်တယ်လို့ အကြံပြုထားတဲ့ ပြင်ပစာပေ ဖတ်ရှုချိန် ဖြစ်ပေမယ့်လို့ အကယ်လို့ သင့်ကလေးက စာဖတ်ရတာ ဝါသနာ ပါတယ်ဆိုရင် ဒီထက်ပိုပြီး အချိန်ကြာကြာ ဖတ်ရှုဖို့ အားပေးသင့်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ကလေးကို အရမ်း စိတ်ပင်ပန်းအောင်တော့ အတင်းအကြပ် အချိန်အကြာကြီး စာဖတ်အောင် တွန်းအားပေးတာမျိုး မလုပ်ဖို့လဲ ထောက်ပြကြပါတယ်။ စာစဖတ်စ ကလေးတွေအနေနဲ့ စာကို အကြာကြီး ဖတ်နိုင်ဖို့ဆိုတာ အလေ့အကျင့် လိုအပ်ပါတယ်။

စာစဖတ်စ ကလေးတွေဟာ တစ်ယောက်ထဲ စာဖတ်ရတာထက် အခြားတစ်ယောက်ကို ဖတ်ပြရတာမျိုးကို ပိုပြီး စိတ်ဝင်စားကြတယ်လို့ ကလေးပညာရှင်တွေက ထောက်ပြပါတယ်။ ဒါကြောင့် သင့်ကလေး စာဖတ်တာကို နေ့စဉ် အချိန်ပေးပြီး နားထောင်ပေးဖို့ အကြံပြုကြပါတယ်။ ဒီလိုနားထောင်တဲ့အတွက် ကလေးကိုလဲ အားပေးရာ ရောက်ပါတယ်။ နောက်တစ်ခုကတော့ စာစဖတ်စ ကလေးတွေအတွက် စာဖတ်ရတယ်ဆိုတာ တကယ့်အားထုတ်မှုကြီး တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးစာဖတ်တဲ့ အချိန်မှာ ကလေးကို အနှောက်အယှက် ဖြစ်စေမယ့် စကားအကျယ်ကြီး ပြောတာမျိုး၊ သီချင်းဖွင့်ထားတာမျိုး၊ တီဗီကြည့်နေတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ ကလေးစိတ်အနှောက်အယှက်မရှိ စာကိုအာရုံစိုက် ဖတ်နိုင်ဖို့ လိုအပ်ပါတယ်။

ကလေးစာဖတ်နေတဲ့ အချိန်မှာ သူဖတ်တာ နားထောင်တဲ့အခါ သူ့ရှေ့တည့်တည့်ကနေ တချိန်လုံး ထိုင်ပြီး နားထောင်နေစရာ မလိုပါဘူး။​ ကိုယ်က အဝတ်တွေ မီးပူတိုက်နေတဲ့ အချိန်မျိုး၊ ထမင်းချက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မျိုး၊ အခြား အိမ်မှုကိစ္စတွေ လုပ်နေတဲ့ အချိန်မျိုးမှာလဲ အာရုံစိုက်ပြီး နားထောင်နိုင်ပါတယ်။ ကလေးက စာလုံးပေါင်းရ ခက်တဲ့၊ အသံထွက်ရ ခက်တဲ့ စာလုံးမျိုးတွေ့ရင်လဲ သင်က သူ့ကို အသံထွက်ပြပြီး အဓါပ္ပါယ်ကို ရှင်းပြနိုင်ပါတယ်။

Leave a Reply Cancel reply