လူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနားလည်အောင် ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)

ကလေးတွေ ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ဖို့ဆိုရင် သူတို့တွေဟာ လူတဖက်သားရဲ့ အရိပ်သုံးပါးကို နားလည်တဲ့ ကလေးတွေ ဖြစ်ဖို့လိုပါတယ်။ တဖက်သားက ကိုယ်ပြောတဲ့ စကားကို စိတ်ဝင်စားမှု ရှိတယ် မရှိဘူး၊ တဖက်လူရဲ့ စိတ်အခြေအနေ ဘယ်လိုရှိတယ်၊ ကိုယ်ပြောတာကို သူလက်ခံတယ် အစရှိတာတွေကို သိဖို့ဆိုတာ တဖက်သူရဲ့ မျက်နှာနဲ့ ကိုယ်အမူအရာ စကားပြောတဲ့ လေယူလေသိမ်း အစရှိတာတွေကနေ အတွေ့အကြုံအရ မှန်းဆယူရတာ တွေပါ။ ကလေးတွေကို လူကြီးမိဘတွေက ဒီအတွေ့အကြုံတွေကို သင်ကြားပို့ချ ပေးမယ်ဆိုရင် သူတို့တွေဟာ အရွယ်နဲ့ မလိုက်အောင် လူမှုဆက်ဆံရေး ကျွမ်းကျင်တဲ့ ကလေးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

လူမှုဆက်ဆံရေး အမူအရာတွေကို ခွဲခြားသိတတ်အောင် ကလေးကို သင်ပေးပါ

လူအချင်းချင်း ဆက်ဆံရေးမှာ မျက်နှာနဲ့ ကိုယ်အမူအရာတွေကို ခွဲခြားသိခြင်းဟာ ဆက်ဆံရေး အောင်မြင်မှုအတွက် အရေးကြီးပါတယ်။ ဒီလို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေကို ခွဲခြားသိနိုင်အောင် ကလေးကို ငယ်ငယ်ကတဲက ဒီအမူအရာတွေ တွေ့ရင် သင်ပြပေးပါ။ အိမ်ကမိသားစုဝင်တွေရဲ့ မျက်နှာနဲ့ ကိုယ်အမူအရာတွေကို သင်ပေးနိုင်သလို တီဗီကြည့်ရင်လဲ သရုပ်ဆောင်တွေမှာ တွေ့ရတဲ့ မျက်လုံးအမူအရာ၊ မျက်နှာအမူအယာ၊ လေယူလေသိမ်း စတာတွေကို ပြပြီး ဒါတွေဟာ ဘာကိုဆိုလိုတာလဲ ဆိုတာကလေးကို သင်ပေးပါ။ ပထမ အဆင့်မှာ ကလေးက ဒီအမူအရာတွေရဲ့ အဓိပ္ပါယ်နဲ့ ဆိုလိုရင်းကို သိစရာ မလိုသေးပါဘူး။ ဒီအမူအရာတွေကို ခွဲခြားသိတတ်ရင် လုံလောက်ပါတယ်။

မျက်လုံးချင်း ဆုံတတ်အောင် (Eye contact) လေ့ကျင့်သင်ကြားပေးပါ

လူအချင်းချင်း ဆက်ဆံတဲ့ နေရာမှာ မျက်လုံးချင်းဆုံမှု (Eye contact) ဟာ အလွန်အရေးကြီးပါတယ်။ လူလူချင်း မျက်လုံးချင်းဆုံဖို့ ဝန်လေးတာဟာ လူတစ်ယောက်ရဲ့ ရှက်ရွှံ့မှု၊ စိတ်မလုံခြုံမှု၊ လူမှုဆက်ဆံရေးမှာ သက်တောင့်သက်သာ မရှိမှုတွေကို ပြနေပါတယ်။ မျက်လုံးချင်းဆုံတာ များလွန်းတဲ့ အခါကျတော့လဲ တဖက်သားကို ခြိမ်းချောက်နေသလိုမျိုး ဖြစ်နေတတ်ပါတယ်။ စကားပြောနေတုန်း မျက်လုံးချင်း မဆုံပဲ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေရင် သင်ပြောနေတာကို တဖက်သား စိတ်မဝင်စားဘူး ဆိုတာပြနေပါတယ်။ စကားပြောနေတုန်း မျက်လုံးချင်း မကြာခနဆုံမယ်ဆိုရင် (တချိန်လုံး မျက်လုံးကိုချည်း ကြည့်နေတာမျိုး မဟုတ်ပါဘူး) တဖက်သားဟာ သင်ပြောနေတာကို စိတ်ဝင်တစား နားထောင်နေတယ်လို့ ညွှန်ပြနေပါတယ်။ သင်ကလေးကို ဒီမျက်လုံးအမူအကျင့်တွေ သင်ပေးပြီး တဖက်သားနဲ့ ဘယ်လိုဆက်ဆံရမယ် ဆိုတာ သင်ပြပေးပါ။

စကားအသံနေ အသံထားရဲ့ အဓါပ္ပါယ်နဲ့ ဆိုလိုရင်းကို သင်ပေးပါ

လူတစ်ယောက် စကားပြောတဲ့ အသံနေအသံထားဟာ သူ့ရဲ့ စိတ်အခြေအနေကို ညွှန်ပြနေပါတယ်။ ဥပမာ စကားကို ပုံမှန်မြန်မြန် ပြောလေ့မရှိတဲ့ သူတစ်ယောက်ဟာ စကားမြန်မြန် ပြောနေရင် သူဟာ စိတ်လှုပ်ရှားနေတယ် ဆိုတာကို ပြနေပါတယ်။ အသံအကျယ်ကြီး စကားပြောရင် စိတ်ဆိုးနေလို့၊ ဒေါသထွက်နေလို့ဆိုတာ ညွှန်ပြပေးပါ။ စကားကို စိတ်မပါ၊ လက်မပါ ပျင်းရိလေးတွဲ့စွာ ပြောနေတဲ့ ပုံမျိုးတွေကိုလဲ ကလေးသိအောင် သင်ပေးပါ။ လူတစ်ယောက် စိတ်မရှည်တဲ့အခါ ငေါက်ဆတ်ဆတ် ပြောတဲ့ လေသံကိုလဲ ကလေးသိအောင် သင်ပေးပါ။

မျက်နှာအမူအရာတွေရဲ့ ဆိုလိုရင်းကို သင်ပေးပါ

လူမှုပေါင်းသင်းဆက်ဆံရေးမှာ အရေးအကြီးဆုံးက မျက်နှာအမူအရာတွေ ဖတ်တတ်ဖို့ပါပဲ။ မျက်နှာမဲ့သွားတာ၊ မျက်မှောင်ကျုံ့တာ၊ ရုတ်တရက် စိတ်တိုသွားတာ၊ အစရှိတဲ့ မျက်နှာအမူအရာ အမျိုးမျိုးကို ကလေးသိအောင် သင်ပေးပါ၊ သင်ပေးဖို့ အကောင်းဆုံး အချိန်ကတော့ ညဖက် မိသားစု တီဗီကြည့်တဲ့ အချိန်ပါပဲ။ ဒီမိသားစု တီဗီကြည့်တဲ့ အချိန်ကို ကလေးအတွက် အကျိုးရှိအောင် အသုံးချပါ။

ကိုယ်အမူအရာတွေရဲ့ ဆိုလိုရင်းကို သင်ပေးပါ

ကျွန်တော့သမီး အငယ်မလေးဟာ သူ့အမကို အလွန်ချစ်ပါတယ်။ သူ့အမ သွားရာနောက် တစ်ကောက်ကောက် လိုက်နေတတ်ပါတယ်။ အကြီးမက အငယ်မ အနားကပ်လာရင် ပြန်စကားမပြောတာ၊ ဒါမှမဟုတ် တခြားကို ထွက်သွားတာမျိုးတွေနဲ့ မကစားလိုကြောင်း ကို အမူအရာတွေနဲ့ ပြပါတယ်။ ဒါပေမယ့် သူ့အမက တခါတလေ တစ်ယောက်ထဲ နေချင်တဲ့ အခါမျိုး ရှိတတ်ပါတယ်။ အငယ်မလေးက ဒါကိုမသိတော့ အတင်းကပ်၊ အမက နောက်ဆုံး စိတ်မရှည်တော့ အော်ငေါက်လွှတ်ရင် အငယ်မလေးက ဝမ်းနည်းပြီး ငိုပါရော။ အသက် ၃ နှစ်ကလေးက ဒီကိုယ်အမူအရာ တွေကို ဖတ်တတ်ဖို့ မမျှော်လင့်နိုင်သေးပေမယ့် ဒီအမူအရာတွေကို ကလေးငယ်ငယ် ကတဲက အခွင့်ရရင် ရသလို သင်ပေးပါ။

Leave a Reply Cancel reply