သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား

မိဘတိုင်းလိုလိုကတော့ ကလေးတွေကို အလိုလိုက်တတ်ကြပါတယ်။ ဆင်းရဲချမ်းသာမရွေး မိမိတို့ရဲ့ သားသမီး မျက်နှာမညှိုးရအောင် ထားလိုကြတာ မိဘတိုင်းရဲ့ လိုအင်ပါပဲ။ ဒါပေမယ့် အလိုလိုက် လွန်လွန်းပြန်ရင် ကလေးတွေက လိုတာရနေ၊ လိုတာဖြစ်နေတဲ့အတွက် စိတ်ဓါတ်ပျက်စီး သွားတတ်ပါတယ်။ လိုတာရနေတဲ့ အတွက် ကိုယ်လိုချင်တာရဖို့ စွမ်းအားစိုက်ထုတ်ဖို့ လိုအပ်တယ်ဆိုတာ ကလေးက မေ့လျော့နေ တတ်ပါတယ်။ ကိုယ့်ကလေးကို အလိုလိုက်တာ လွန်လွန်းနေသလားဆိုတာ ညွှန်ပြနေတဲ့ အချက် (၅) ချက်ကို ဆွေးနွေးထားပါတယ်။

(၁) ကလေးက သူလိုတာမှန်သမျှရရမယ်၊​ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ် ရှိနေတယ်

ကလေးက လိုတာရနေ၊ ဖြစ်ချင်တာအားလုံးကို မိဘက ပံ့ပိုးပေးနေတော့ သူ့စိတ်မှာ သူလိုတာမှန်သမျှ ရရမယ်၊ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ် ဆိုတဲ့စိတ် ဝင်နေပါတယ်။ အိမ်မှာ ပြဿနာ မရှိလှပေမယ့် အခြားသူတွေ၊ သူငယ်ချင်းတွေနဲ့ကျတော့ သူလိုချင်တာမှန်သမျှ မရနိုင်၊ သူဖြစ်ချင်တာ မှန်သမျှ မဖြစ်နိုင်တဲ့အတွက် ကလေးက သူငယ်ချင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့ အလုပ်တွေ၊ ကစားနည်းတွေမှာ အဆင်ပြေအောင် မကစားနိုင်ပါဘူး။ ဒီအမူအကျင့်ဟာ အသက်ကြီးတဲ့အထိ ပါသွားရင် အလုပ်ခွင်မှာ အများနဲ့ ပေါင်းသင်ဆက်ဆံရေး အဆင်မပြေ ဖြစ်တတ်ပါတယ်။ သင့်ကလေးဟာ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် မပေါင်းနိုင်ဘူး၊ သူငယ်ချင်းတွေနဲ့ အပေးအယူ မလုပ်တတ်ဘူး၊ သူငယ်ချင်းတွေအကြောင်း တချိန်လုံး၊ မကြာခဏ ညည်းညူတတ်တယ်ဆိုရင် သူတို့ဟာ လိုတာရရမယ်၊ ဖြစ်ရမယ်ဆိုတဲ့စိတ် ဝင်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးနဲ့ သူ့သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးကို မိဘက ဂရုပြု စောင့်ကြည့်သင့်ပါတယ်။

(၂) လိုချင်တာရဖို့ ကြိုးစားအားထုတ်မှု လိုအပ်တယ်ဆိုတာကို ကလေးက နားမလည်ဘူး

ကလေးက လိုတာအကုန်ရနေတော့ လိုချင်တာရှိရင် ကြိုးစားအားထုတ်မှု လိုအပ်တယ်ဆိုတာ နားမလည်ပါဘူး။ အသက်ကြီးလာတဲ့ အခါကျတော့ ကြိုးစားအားထုတ်ချင်စိတ် လျှော့နည်းသွား တတ်ပါတယ်။ သင့်ကလေးဟာ သူမြင်သမျှကို လက်ညှိုးထိုး တောင်းဆိုတတ်တယ်၊ မိဘက သူတောင်းဆိုတာ ဝယ်မပေးရင် စိတ်ဆိုးပြီး မိဘကို အပြစ်တင်တတ်တယ်၊ ဒါမှမဟုတ် သူလိုချင်တာ မှန်သမျှ မိဘက ဝယ်ပေးရမယ်ဆိုတဲ့ စိတ်မျိုးရှိတယ်ဆိုရင် သင်အလိုလိုက်တာ နဲနဲ များသွားလို့ ဖြစ်နိုင်ပါတယ်။

(၃) အခက်အခဲ ကြီးကြီးမားမား အကြုံဖူးတဲ့အတွက် အခက်အခဲကြုံလာရင် ဘယ်လိုဖြေရှင်းရမှန်း မသိဘူး ဖြစ်နေတတ်တယ်

ကလေးက အခက်အခဲ တစ်ခုခု ကြုံလာတိုင်း မိဘက ကြားကဝင်ပြီး ဖြေရှင်းပေးလေ့ရှိတဲ့ အတွက် ကလေးဟာ အခက်အခဲကြုံလာရင် သူကိုယ်တိုင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိဘူး ဖြစ်နေတတ်ပါတယ်။ ကျောင်းမှာဖြစ်စေ၊ သူငယ်ချင်းတွေ ကြားထဲမှာ ဖြစ်စေ ကိုယ့်ကလေးက အခက်အခဲ တစ်ခုခု ကြုံလာရင် မိဘက ကြည့်မနေနိုင်တော့ ကြားကဝင်ပြီး ဖြေရှင်းပေးချင် တတ်ကြပါတယ်။ လက်ငင်းပြဿနာ ပြေလည်သွားပေမယ့် ရေရှည်မှာ ကလေးရဲ့ အခက်အခဲကို ကျော်လွှားနိုင်မှု စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးကို ပြဿနာတွေကို သူ့ဟာသူ အရင် ဖြေရှင်းစေဖို့ အခွင့်အရေး ပေးသင့်ပါတယ်။ ကလေးအတွက် ကြီးမားလွန်းတဲ့ ပြဿနာ၊ ဒါမှမဟုတ် ကလေးက ကြိုးစားပေမယ့် မရှင်းနိုင်တဲ့ ပြဿနာ မျိုးမှသာ မိဘလုပ်သူက ဝင်ရောက် ဖြေရှင်း ပေးသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ ပြဿနာမှန်သမျှ မိဘက ဒိုင်ခံဖြေရှင်း ပေးနေမယ်ဆိုရင် သင်ဟာ သင့်ကလေးကို အလိုလိုက်တာ များနေပြီဆိုတာ ပြနေပါတယ်။

(၄) ကလေးက သူ့မှာရနေတာ ရှိနေတာတွေကို ကြေနပ်ရောင်ရဲမှု မရှိဘူး

ကလေးက သူ့မှာရနေတာ ရှိနေတာတွေနဲ့ ကြေနပ်ရောင့်ရဲမှု မရှိပဲ သူ့မှာ မရှိတာကိုပဲ ညည်းညူနေမယ်၊ အလိုမကျ ဖြစ်နေမယ်ဆိုရင် ဒါဟာ ကလေးအလိုလိုက် ခံရတာ များလွန်းနေတယ် ဆိုတာ ပြနေတဲ့ လက္ခဏာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဥပမာ သူ့မှာ ဘက်ထရီနဲ့ သွားတဲ့ ကားလေးရှိနေတာ သူငယ်ချင်းရဲ့ ရီမုတ်ကွန်ထရိုးကား မရလို့ သူ့ကားက မကောင်းကြောင်း တချိန်လုံး ညည်းနေတာမျိုး၊ ခဲတန်ဘူး လှလှလေး မှမရှိတာ ဘယ်လိုလုပ် လက်ရေးလှလှ ရေးနိုင်မှာလဲ ညည်းတာ၊ ကိုယ့်မှာရှိတဲ့ အရုပ်တွေက လှလဲ မလှဘူး၊​ မကောင်းဘူး ဆိုပြီး ညည်းတာမျိုးတွေဟာ ကလေးရဲ့ အလိုလိုက်ခံရမှု လွန်ကဲတာကို ပြနေပါတယ်။

(၅) ကလေးက သူသာလျှင် စကြာဝဠာရဲ့ ဗဟိုချက်လို့ ထင်နေတာ

ဟုတ်ပါတယ်။ အလိုလိုက် ခံရလွန်းတဲ့ ကလေးတွေဟာ မိဘနဲ့ ဆွေမျိုးတွေက သူ့ကို ဖူးဖူးမှုတ်ထားတဲ့အတွက် သူသာလျင် အားလုံးရဲ့ ဗဟိုချက် ဖြစ်တယ်။ လူအားလုံး အရာအားလုံးဟာ သူ့လိုအင်ဆန္ဓတွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်လာတယ်လို့ ထင်နေတတ်ကြပါတယ်။ အခြားသူတွေမှာလဲ သူတို့ရဲ့ လိုလားချက်တွေ၊ လိုအင်ဆန္ဒတွေ ရှိနေတယ်ဆိုတာ သဘောမပေါက်ပါဘူး။ သူလိုချင်တာတွေ မရနိုင်၊ မဖြစ်နိုင်တဲ့ အခါမျိုးတွေ၊ အခက်အခဲတွေ ကြုံလာတဲ့ အခါမျိုးတွေမှာ ငါကတော့ ကံဆိုးလွန်းပါတယ်၊ ဘာ့ကြောင့် ငါ့မှ ဒီလိုအခက်အခဲတွေ ကြုံရတာလဲ ဆိုတဲ့အတွေးမျိုးတွေ ဝင်တတ်ပါတယ်။ သူများတွေမှာလဲ ဒီလိုအခက်အခက်တွေ လူတိုင်းလိုလို ကြုံတွေ့ရ တတ်တယ်ဆိုတာကို နားမလည်ပါဘူး။ ဒီလိုပဲ သူတို့ရဲ့ လုပ်ရပ်ကြောင့် သူများတွေကို ထိခိုက်နိုင်တယ် ဆိုတာကိုလဲ သဘောမပေါက် တတ်ကြပါဘူး။ အင်္ဂလိပ်လိုတော့ Self-centered လို့ခေါ်ပါတယ်။ ဒီလိုအတွေးမျိုး၊ စိတ်ခံယူမှုမျိုး ရှိနေရင် ကလေးကို အလိုလိုက်တာ များနေကြောင်း ပြနေပါပြီ။

Leave a Reply Cancel reply