ကလေးကို ၁၂၃၄ သင်ပေးဖို့

ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

ထုံးစံကတော့ ကလေးတွေကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းတွေကို မူကြို စတက်တဲ့ အချိန်ကြမှ စသင်လေ့ ရှိပါတယ်။ ဒါပေမယ့် ပညာရှင် တွေကတော့ ကလေးကို ဂဏန်းရေတာကို အသက် တစ်နှစ်လောက်ကစလို့ စသင်ပေးလို့ ရပြီလို့ ဆိုပါတယ်။ ကျောင်းမနေမီ ကလေးကို ကြိုတင်ပြီး ဂဏန်းသင်္ချာ စသင်ပေးခြင်းအားဖြင့် ကျောင်းမှာ သင်္ချာ စသင်တဲ့ အခါမှာ ကလေးအတွက် ပိုပြီး နားလည်ရ လွယ်ကူစေပါတယ်။ 

ကျောင်းမနေမီ ကလေးကို သင်္ချာ သင်တယ် ဆိုလို့ ကျောင်းမှာ ငယ်ငယ်က သင်သလို ကျောက်သင်ပုန်းပေါ် ၁၂၃၄ ရေးပြီး သင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးကို ဂဏန်းသင်္ချာ သင်တာ ကလေးပျော်အောင် သင်ပေးလို့ ရပါတယ်။ ဒါဆို ဘယ်လို သင်ကြမလဲ။ 

ကလေး တစ်နှစ်ကျော် လောက်ကစပြီး ကလေးကို သင်္ချာနဲ့ ပါတ်သက်တဲ့ အခြခံတွေ စပြီး သင်ပေးပါ။ ကလေးရဲ့ အသက်ကနေ စပြီး သင်ပေးပါ။ ဥပမာ ကလေး အသက် ၁ နှစ်ဆိုရင် လက်တစ်ချောင်း ထောင်ပြီး ကလေးကို သားသား (မီးမီး) အသက်က တစ်နှစ် ဆိုပြီး သင်ပေးပါ။ ပြီးရင် ကလေးကို ပြန်ပြီး မီးမီး အသက်က ဘယ်နှစ်နှစ်လဲ ဆိုပြန်မေးပါ။ ပထမတော့ ကလေးက ပြန်ပြီး လက်ချောင်းလေးတွေ ထောင်ပြတတ်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ် ထပ်ခါထပ်ခါ သင်ပေးရင် မကြာမီ ကလေးက သူ့ အသက် မေးရင် လက်ချောင်းလေး ထောင်ပြီး ပြန်ဖြေတတ်လာ ပါလိမ့်မယ်။ ဒီလို ကလေးက ပြန်ဖြေနိုင်တဲ့ အခါမျိုးမှာ “သားသားမှန်တယ်” ဆိုပြီး ပြောဖို့လဲ မမေ့ပါနဲ့။

ဒီလို သင်တဲ့ အခါ အရေးကြီးတာကတော့ ကလေးကို ပျော်ရွှင်စေဖို့ ဆိုတာပါပဲ၊ ကလေးက အမှန် မဖြေနိုင်လို့ ဆူတာမျိုး မပြုလုပ်ပါနဲ့။ ကလေးအတွက် စိတ်ဖီစီးမှု မဖြစ်ဖို့ အရေးကြီးပါတယ်။ သင်ပေးလို့ နေ့ချင်းညချင်း ၁၂၃၄ ရေတတ်ဖို့က အဓိက မဟုတ်ပါဘူး။ ဂဏန်းတွေရဲ့ သဘောသဘာဝကို ကလေးနားလည် သွားဖို့က အဓိက ဖြစ်ပါတယ်။

အခြားရောဘယ်လိုနည်းလမ်းတွေနဲ့သင်ပေးလို့ရသေးလဲ

အခြားနည်းလမ်းတွေနဲ့လဲ သင်ပေးနိုင်ပါတယ်။ ဥပမာ ကလေးက ရောင်စုံခဲတန် လေးတွေနဲ့ ကစားနေတဲ့ အခါမျိုးဆိုရင် သူ့ကို ရောင်စုံ ခဲတန် တစ်ချောင်း ပေးပြီး “ခဲတန် တစ်ချောင်း” လို့ သင်ပေးပါ။ ဒါကို မကြာခန ပြုလုပ်ပါ။ ရက်အနဲငယ် ကြာတဲ့အခါ ကလေးကို “သားသား မေမေ့ကို ခဲတန် တစ်ချောင်း ပေးပါ” ဆိုပြီး ပေးခိုင်းပါ။ ကလေးက မပေးနိုင်သေးလဲ စိတ်မပျက်ပါနဲ။ ထပ်ပြီး သင်ပေးပါ။ သိပ်မကြာခင် ကလေးက ခဲတန် တစ်ချောင်းယူပြီး ပေးတတ်လာပါလိမ့်မယ်။ ကလေးက ခဲတန် တစ်ချောင်းကို သိသွားပြီ ဆိုရင် ခဲတန် နှစ်ချောင်း၊ သုံးချောင်း၊ လေးချောင်း အစရှိတာတွေကို ဆက်ပြီး တဆင့်စီ ဆက်ပြီး သင်သွားပေးပါ။

ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်မှု ကာလ (Attention span) ဟာ တိုတောင်းတဲ့အတွက် ကလေးကို သင်ပေးတာတွေကို တိုတိုပဲ ပြုလုပ်ဖို့ လိုပါတယ်။ ဒီအစား မကြာခန သင်ကြားပေးတာက ပိုပြီး ထိရောက်ပါတယ်။

အိမ်မှာ ရှိတဲ့ မျက်စေ့ရှေ့ မြင်ရတာတွေကို ကလေးနဲ့အတူ တစ်၊ နှစ်၊ သုံး၊ လေး ရေပါ။ သူ့ ကစားစရာတွေကိုလဲ ရေတွက်နိုင်ပါတယ်။ ဒီလို ရေတွက်တဲ့ အခါမှာ ကလေးကို ရေတွက်နေတဲ့ ပစ္စည်းလေးတွေကို ကိုင်တွယ်ပြီး ရေတွက်ပါစေ။ ဒီနည်းအားဖြင့် သူတို့ရဲ့ ထိတွေ့မှု အာရုံ ခံစွမ်းရည်ကိုလဲ တချိန်တည်း လေ့ကျင့်ပေးနိုင်ပါတယ်။

ဒီလို သင်ကြားမှုဟာ တစ်ရက်၊ တစ်ပါတ်၊ တစ်လနဲ့ ပြီးသွားမယ့် ကိစ္စ မဟုတ်ပဲ ကာလကြာရှည်စွာ လုပ်ဆောင်ရမယ့် ကိစ္စ ဆိုတာကိုတော့ သတိချပ်ဖို့ လိုပါတယ်။ ပုံမှန် သင်ကြားလေ့ကျင့် ပေးသွားမယ် ဆိုရင် သင့်ကလေးဟာ မူလတန်းကျောင်း စတက်တဲ့ အချိန်မှာ လုံလောက်တဲ့ သင်္ချာ အခြေခံ ရရှိသွားမှာ ဖြစ်ပါတယ်။