သင့်ကလေးကို မပြောသင့်တဲ့ စကားငါးခွန်း

သင့်ကလေးကို မပြောသင့်တဲ့ စကားငါးခွန်း

ကလေးတွေရဲ့ ဦးဏှောက်ဟာ အလွန်ကို နုနယ်ပါတယ်။​ ဒီလိုပဲ ကလေးတွေရဲ့ စိတ်ဟာလဲ အလွန်နုနယ်တဲ့ အတွက် လူကြီးတွေက သူတို့ကို ပြောတဲ့ စကားတွေကို လက်လွတ်စပယ် မပြောပဲ ဆင်ခြင်သင့်ပါတယ်။ လူကြီးမိဘရဲ့ စကားအမှား တစ်ခုကြောင့် ကလေးရဲ့ စိတ်ခံစားမှုကို ထိခိုက်သွားနိုင်ပါတယ်။ အောက်မှာ ကလေးစိတ်ပညာရှင်တွေက ကလေးတွေကို မိဘလုပ်သူတွေအနေနဲ့ မပြောသင့်ဘူးလို့ ထောက်ပြထားတဲ့ စကားငါးခွန်းအကြောင်းကို ဆွေးနွေထားပါတယ်။

တိတ်စမ်းမငိုနဲ့

တစ်ခါတစ်ရံမှာ ကလေးတွေဟာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ ငိုနေတတ်ကြပါတယ်။ တစ်ခါတစ်လေ အကြာကြီး ငိုတဲ့ အခါကြတော့ မိဘလုပ်သူက စိတ်တိုပြီး “တိတ်စမ်း၊ မငိုနဲ့၊ အခုတိတ်” ဆိုပြီး ဆူမိငေါက်မိ တတ်ပါတယ်။ ဒါမျိုး ကလေးရှိတဲ့ မဘတိုင်း ကြုံဘူးမှာပါ။ ဒီလိုဆူငေါက်လိုက်လို့ ကလေးက ကြောက်ပြီး ချက်ချင်း အငိုတိတ်သွား သလား။ တစ်ခါတစ်လေ အောင်မြင်ကောင်း အောင်မြင်နိုင်ပေမယ့် အများအားဖြင့်တော့ အငိုမရပ်တာ များပါတယ်။

မိဘတွေ အနေနဲ့တော့ ကလေးက ဘာအကြောင်းမှ မယ်မယ်ရရ မရှိပဲ ဒီလိုငိုနေတာမျိုး ကြုံရတာ တော်တော်လေး စိတ်ပျက်စရာပါ။ မိဘလုပ်သူ အနေနဲ့ ဘာ့ကြောင့် ကိုယ့်ကလေး ဒီလိုငိုနေရတာလဲ ဆိုတာ နားမလည်နိုင်အောင်ပါပဲ။ ဒါပေမယ့် ကလေးလုပ်သူ အတွက်ကတော့ ဒါဟာ သူ့ရဲ့ စိတ်တွင်းခံစားမှုရဲ့ ထွက်ပေါက်တစ်ခုပဲ ဖြစ်ပါတယ်။ ကလေးတွက်က ငိုတာကလွဲလို့ သူ့စိတ်ခံစားမှုကို ထုတ်ဖေါ်ပြဖို့ အခြားနည်းလမ်းမှု သူမသိတာကိုး။ သူဘာခံစားနေရလဲ ဆိုတာကို မိဘလုပသူက နားလည်အောင် ပြောပြဖို့လဲ သူ့မှာ စကားလုံး ကြွယ်ဝမှု မရှိသေးပါဘူး။ ဒီလို စိတ်ခံစားမှုကို ထုတ်ဖေါ်ပြသတာကို “မငိုနဲ့ တတ်စမ်း၊ အခုတိတ်” ဆိုပြီး အတင်းအကြပ် တားဆီးတာဟာ ကလေးရဲ့ စိတ်ဖွံဖြိုးမှုအတွက် အများကြီး အန္တရာယ် ရှိပါတယ်။ ကလေးဟာ အရိုက်ခံရမှာ၊ အပြစ်ပေးခံရမှာကို ကြောက်တဲ့အတွက် သူ့ရဲ့ စိတ်ခံစားမှုကို ချိုးနှိမ်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒီလို စိတ်ခံစားမှုကို ချိုးနှိမ်ဖို့ ကြိုးစားတဲ့အတွက် ကလေးမှာ စိတ်ဒါဏ်ရာရနိုင်ပါတယ်။

“တိတ်စမ်း၊ မငိုနဲ့တော့” လို့ ပြောတာဟာ ကလေးရဲ့ ခံစားနေ ရမှုကို လျော့နည်းသွားစေခြင်း မရှိတဲ့အပြင် ကလေးကို “သူ့ရဲ့ စိတ်ခံစားမှုတွေဟာ အကြောင်းခိုင်လုံမှု မရှိဘူး” ဆိုတဲ့ မှားယွင်းတဲ့ အတွေးအမြင်ကို ပေးနေပါတယ်။ “ကြောက်ခြင်း၊ ဝမ်းနည်းခြင်း” အစရှိတဲ့ စိတ်ခံစားမှုတွေဟာ မှားယွင်းတဲ့ ခံစားမှုတွေ ဖြစ်တယ်ဆိုပြီး ကလေးကို သင်ပေးနေသလို ဖြစ်နေပါတယ်။​ မိမိရဲ့ စိတ်ခံစားမှုကို ဖိစီးထိန်းချုပ်လွန်းတာ ကြာလာရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အတွက် ကလေးတွေငိုတဲ့အခါမျိုးမှာ သူ့ကို “ချက်ချင်းတိတ်စမ်း” လို့ ပြောတာမျိုး မလုပ်ပဲ မိဘလုပ်သူက သူ့ရဲ့ စိတ်ခံစားမှုတွေကို နားလည်ကြောင်း ပြပြီး နှစ်သိမ့်မှု ပေးသင့်ပါတယ်။

တော်လိုက်တာ

ကလေးက တော်လို့ ချီးမွမ်းတာ ဘာ့ကြောင့် မကောင်းရမှာလဲလို့ တွေးမိကောင်း တွေးမိပါလိမ့်မယ်။ ကလေးကို တစ်ခါတစ်လေ တော်တယ်လို့ ချီးမွမ်းတာဟာ ပြဿနာ မရှိနိုင်ပေမယ့် မကြာခန တော်တယ်လို့ ချီးမွမ်းတာ များလွန်းပြန်ရင် ကောင်းကျိုးထက် ဆိုးကျိုး ပိုဖြစ်စေနိုင်ပါတယ်။ ခလေးကို မကြာခန ချီးမွမ်းတာ များလွန်းရင် ကလေးဟာ သူ့ရဲ့ လုပ်ကိုင်ဆောင်ရွက်လို့ အောင်မြင်မှုကို နှစ်သက်ကျေနပ် ဂုဏ်ယူတာထက် ဒီလိုချီးမွမ်းစကားကို ကြားရတာကို ကျေနပ်နှစ်သက်တဲ့ အကျင့် စွဲသွားနိုင်ပါတယ်။ ဒီအခါ ကလေးဟာ သူ့လုပ်ကိုင်ဆောင်ရွက်မှုတိုင်းရဲ့ အောင်မြင်မှု အတိုင်းအတာကို သူဘယ်လောက် ချီးမွမ်းခံရ သလဲဆိုတာနဲ့ တိုင်းတာတတ်တဲ့ အကျင့် ဖြစ်လာနိုင်ပါတယ်။ သူများက ချီးမွမ်းမှု မရှိဘူးဆိုရင် အားမရတာ၊ ဝမ်းနည်းတာ၊ ကိုယ့်ကိုယ်ကို အလိုမကျတာ၊ စတဲ့ စိတ်တွေ ဝင်လာပြီး ငါအသုံးမကျပါလား ဆိုတဲ့အတွေးထိ ဝင်သွားနိုင်ပါတယ်။ တနည်းအားဖြင့်တော့ ကိုယ်ဘယ်လောက် အရည်အချင်း ရှိလဲဆိုတာကို သူများက သူ့ကိုဘယ်လောက်အထိ ချီးမွမ်းလဲ ဆိုတာနဲ့ တိုင်းတာတတ်တဲ့ အကျင့် ဝင်သွားပါတယ်။ သူများချီးမွမ်းခြင်း မခံရမှာ စိုးရိမ်တဲ့အတွက် တစ်ခုခုဆို လုပ်ဖို့ ဝန်လေးနေ တတ်ပါတယ်။ အသစ်အဆန်းလုပ်ဖို့၊ ကြိုးစားဖို့ ဝန်လေးပြီး ကိုယ်အောင်မြင်တဲ့ comfort zone လေးထဲမှာပဲ နေထိုင်နေလေ့ ရှိလာတဲ့ အတွက် ဘဝမှာ အောင်မြင်မှုရဖို့ စွန်စားလုပ်ဖို့ ဝန်လေးနေ တတ်ပါတယ်။

ဒီလို “သိပ်တော်တာပဲ” ဆိုတဲ့ ချီးမွမ်းမှုမျိုးအစား သူ့ရဲ့ ကြိုးစား အားထုတ်မှုကို အဓိက ချီးမွမ်းသင့်ပါတယ်။ သူ့လုပ်ဆောင်မှု အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါ။ ဥပမာ ကလေးက ကျောင်းမှာ ပထမ ရလို့ ချီးမွမ်းတာမျိုးဆို “သမီးက သိမ်တော်တာပဲ” ဆိုပြီး ချီးမွမ်းမယ့်အစား “သမီးက ကြိုးစားတော့ ပထမ ရတာပေါ့၊ နောက်ကိုလဲ ဒီလိုပဲ ဆက်ကြိုးစားရင် ပထမ မရစရာ မရှိဘူး” ဆိုတာမျို ချီးမွမ်းသင့်ပါတယ်။

ဖေဖေအလုပ်လုပ်နေတယ်၊လာမရှုပ်နဲ့

ကလေးတွေဟာ မိဘတွေ အလုလုပ်နေတဲ့ အချိန်မျိုးဆို လာပြီး တစ်ခုမဟုတ် တစ်ခု ပူဆာတာ၊ တောင်းဆိုတာ မျိုးတွေ လုပ်တတ်ပါတယ်။​ အထူးသဖြင့် မိဘက ပင်ပန်းလို့ နားချင်တဲ့ အခါမျိုးမှာ ပိုဆိုးပါတယ် (အားလုံးကြုံဖူးကြမှာပါ)။ ဒါပေမယ့် ဒီလို ကလေးက ကိုယ့်နားလာတိုင်း ကလေးကို တခြားသွားဆော့ဖို့ ပြောဖန်များလာရင် ကလေက နောက်ဆို ကိုယ့်ဆီ လာတော့မှာ မဟုတ်တော့ပါဘူး။ ကလေးနဲ့ ကိုယ့်ကြားက ရင်းနှီးမှုလဲ တဖြည်းဖြည်း လျော့နည်းသွားနိုင်ပြီး သူတို့ အသက်ကြီးလာတဲ့ အခါ ကိုယ်နဲ့ အနေဝေးသွား နိုင်ပါတယ်။

ကလေးကို ဒီလိုမောင်းထုတ်တာ များလာရင် ကလေးလုပ်သူက မေမေ (ဖေဖေ) နားသွားလို့လဲ ဘာမှမထူးပါဘူး ဆိုတဲ့အတွေး ဝင်သွားနိုင်ပါတယ်။ ဒါကြောင့် “သွားစမ်း တခြားမှာ သွားဆော့” လို့ ပြောမယ့်အစား “ဖေဖေ ဒီရီပို့လေး ပြီးအောင်ရေးလိုက်အုံးမယ်နော် သမီး။ နောက် ၁၅ မိနစ်ပဲ။ ပြီးရင် ဖေဖေ သမီးနဲ့ ကစားမယ်” ဆိုတာမျိုး ပြောသင့်ပါတယ်။

နင်သိပ်ပြီး ……..

“နင်သိပ်ပြီး အပျင်းထူတာပဲ”

“တစ်စက်မှ အသုံးမကျဘူး”

“စိတ်ကို ပုပ်တယ်”

“စာကြိုးစားချင်စိတ် တစ်စက်မှ မရှိဘူး”

“နင့်ကို မွေးမိတာ မှားတယ်”

“အစကတဲက မမွေးမိရင် အကောင်းသား”

“ဆန်ကုန်မြေလေး”

ဒီလိုစကားမျိုးတွေ သင့်ကလေးကို ပြောမိပါသလား။ ဒီလို “အဆိုးမြင်” စကားတွေဟာ ကလေးရဲ့ စိတ်ဓါတ်ကို အများကြီး ဆိုးကျိုးဖြစ်စေ နိုင်ပါတယ်။ မိဘလုပ်သူက စိတ်ဆိုးတဲ့ အချိန် ကလေးကို ပြောမိပြီး နောက်နေ့ကျတော့ မေ့သွားပေမယ့်လို့ ကလေးကတော့ မေ့ချင်မှ မေ့ပါလိမ့်မယ်။ ဒီလိုပြောလိုက်တဲ့ စကားဟာ ကလေးရဲ့ မသိစိတ်ထဲ စွဲသွားပြီး ကလေးက ပြောတဲ့အတိုင်း သူ့ကိုယ်သူ မြင်သွားနိုင်ပါတယ်။ အသုံးမကျဘူးလို့ အပြောခံရတဲ့ ကလေးဟာ မသိစိတ်မှာ “ငါအသုံးမကျဘူး” ဆိုတဲ့အမြင် ဝင်သွားနိုင်ပါတယ်။ ဒါဆို သူဘာလုပ်လုပ် အသုံးကျအောင် မလုပ်တော့တာမျိုး၊ သူ့ကိုယ်သူ အသုံးကျအောင် နေထိုင်တာမျိုး မလုပ်တော့ တဲ့အတွက် အောင်မြင်မှုနဲ့ ဝေးကွာသွားနိုင်ပါတယ်။ ပျင်းတယ်လို့ အပြောခံရတဲ့ ကလေးဟာ အပျင်းထူလာတတ်ပြီး၊ စာညံ့လိုက်တာလို့ အပြောခံရတဲ့ ကလေးဟာလဲ တကယ်ပဲ စာညံ့လာ တတ်ပါတယ်။ ကြိုးစားချင်စိတ်ကို မရှိဘူးလို့ မကြာခန အပြောခံရတဲ့ ကလေးဟာ ကြိုးစားချင်စိတ် ပျောက်ဆုံးသွား တတ်ပါတယ်။ “နင့်ကို မွေးမိတာ မှားတယ်”၊ “အစကတဲက မမွေးမိရင် အကောင်းသား”၊ “ဆန်ကုန်မြေလေး” အစရှိတဲ့ စကားလုံးတွေကတော့ အဆိုးဆုံးပါပဲ။ ဒီလို မကြာခန အပြောခံရတဲ့ ကလေးမျိုးဟာ သူတို့ကိုယ် သူတို့ တန်ဖိုးထားတဲ့ (Self-esteem) ပျောက်ဆုံးသွားတတ်ပြီး အသက်ကြီးလာတဲ့ အခါ အရက်၊ မူးယစ်ဆေး အစရှိတာတွေ စွဲတာ၊ ကြိုးစားချင်စိတ် မရှိတော့တာ၊ အောင်မြင်မှု မရတာတွေ ကြုံတွေရ တတ်ပါတယ်။

နင့်အဖေပြန်လာမှတွေ့မယ်

ကလေးက ဘယ်လိုမှ ပြောမရတဲ့ အခါမျိုးမှာ ဒီလိုစကားမျိုး ပြောပြီး အဖေလုပ်သူ (ဒါမှမဟုတ် အမေလုပ်သူ) နဲ့ ခြိမ်းချောက်တာမျိုး လုပ်မိဖူးမှာပါ။ ဒီလိုပြောတာ ဘာအပြစ်မှ မရှိဘူးလို့ ထင်ရပေမယ့် ဒီလိုပြောလိုက်ခြင်းအားဖြင့် အမှား နှစ်ခုကို ကြူးလွန်လိုက်တာပါပဲ။

ပထမ အမှားကတော့ “ငါ့မှာ နင့်ကို ထိန်းချုပ်နိုင်တဲ့ အာဏာ မရှိဘူး” လို့ ကလေးကို ပြောတာနဲ့ အတူတူပါပဲ။ ဒီအတွက် ကလေးက နောက်ဆို ကိုယ့်စကား နားထောင်ဖို့ ပိုခက်သွား နိုင်ပါတယ်။ နောက်အမှားကတော့ “ဖေဖေက ဗီလိန်ကြီးပေါ့” ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားပါတယ်။ ကလေးက အဖေလုပ်သူ (ဒါမှမဟုတ် အမေလုပ်သူ) ကို လူဆိုးကြီးလို မြင်သွားနိုင်ပါတယ်။

ကလေးတွေကို မိဘတွေက ဘယ်လိုစကားမျိုးတွေ ပြောလဲဆိုတာ ကလေးရဲ့ ဘဝအောင်မြင်ရေးအတွက် အလွန်ပဲ အရေးပါပါတယ်။ ဒီအတွက် မိဘလုပ်သူက စကားကို စိတ်ခံစားမှုအလျောက် လက်လွတ်စပယ် ပြောတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ ကိုယ့်ကလေး ဘဝအောင်မြင်ရေးအတွက် မိဘလုပ်သူက ကလေးတွေကို စကားပြောတဲ့အခါ သေခြာဆင်ခြင်ပြီး ပြောသင့်ပါတယ်။

? Ref: Healthy Holistic Living | The 5 Things You Should Never Say to Your Kids, Expert Say

Leave a Reply Cancel reply