fbpx

Toddler အရွယ် ကလေးတွေကို ဘယ်လို စည်းကမ်းထိန်းမလဲ

တိုးတိုးလေးဟာ အသက် ၂ နှစ်အရွယ် ယောက်ျားလေးပါ။ သူကဓါးခုတ်တမ်း ကစားရတာ ဝါသနာ ပါပါတယ်။ ကစားတဲ့ အခါမှာလဲ တော်တော်လေး ကြမ်းကြမ်းတမ်းတမ်း ကစားတတ်ပါတယ်။ သူ့အမနဲ့ ကစားတဲ့အခါ သူ့အမကို ရိုက်မိလို့ ထိခိုက်ဓါဏ်ရာရပေါင်းလဲ မနဲတော့ပါဘူး။ သူ့အမေက သူ့ကို ကြမ်းကြမ်းတမ်းတမ်း မကစားဖို့၊ ကစားတဲ့ အခါမှာ ယဉ်ယဉ်ကျေးကျေး ကစားဖို့ ဆုံမလဲ နားမဝင်ပါဘူး။ ရိုက်ဆုံးမလဲ မထူးပါဘူး။ သူ့အမေက ဘယ်လိုဆုံးမရမှန်း မသိလို့ စိတ်ညစ်နေပါတယ်။ 

မိခင်တော်တော်များများ အတွက်ကတော့ ဒီအရွယ် ကလေးတွေကို စည်းကမ်းထိန်းသိမ်း ဆိုဆုံးမရတာဟာ မလွယ်ပါဘူး။ ကလေးက ကိုယ်ဆုံးမတာ နားထောင်ရင်တောင် ခနနေ နောက်တမျိုး ထလုပ်လို့ နောက်တမျိုး ဆုံးမရ တာမို့ ဆိုဆုံးမရတာ မဆုံးတော့ပါဘူး။  

ဒီနေရာမှာ ကလေးကို ဆုံးမတယ် ဆိုတာကို အချို့က ရိုက်နှက်ဆုံးမ အပြစ်ပေးတာနဲ့ မှားယွင်းယူဆ တတ်ကြပါတယ်။ ပညာရှင်တွေကတော့ ဆုံးမတယ် ဆိုတာကို ကလေးမှာ မသင့်တော်တဲ့ အမူအကျင့်တွေ၊ ကြမ်းတမ်းတဲ့ အလေ့စရိုက်တွေနဲ့ အန္တရာယ် ရှိတဲ့ အပြုအမူတွေ မရှိအောင်၊ မဖြစ်အောင် တားဆီးဖို့ စည်းကမ်းသတ်မှတ်ခြင်းလို့ အဓ္ပါယ် ဖွင့်ဆိုကြပါတယ်။ ဒီလိုဆုံးမရာမှာ စည်းကမ်းဖောက်ဖျက်ရင် ရရှိမယ့် ပြစ်ဒါဏ်တွေကို သတ်မှတ်ပြီး အပြစ်ပေးတာလဲ ပါဝင်ပါတယ်။ 

အောက်မှာ ကလေးငယ်တွေကို ဆုံးမရာမှာ အောင်မြင်မှုရဖို့ ပညာရှင်တွေရဲ့ အကြံပြုချက်(၇) ချက်ကို တင်ပြထားပါတယ်။ 

(၁) ဘယ်အချိန် ဆုံးမရမလဲဆိုတာကို ဆုံးဖြတ်ပါ 

ကလေးက ဘာအမှားလုပ်လုပ် ဆုံးမနေမယ်ဆိုရင် ကြာတော့ ကလေးက ကိုယ်ပြောဆိုဆုံးမတာကို နားမဝင်တော့ပါဘူး။ တနည်းအားဖြင့်တော့ ကိုယ့်ဆုံးမစကား အားလုံးဟာ ဒီဖက်နားက ဝင်ပြီး ဟိုဖက်နားက ပြန်ထွက်သွားပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် ဆိုရင် ကလေးကို ဘယ်အချိန်မှာ ဆိုဆုံးမပြီး ဘယ်လိုအချိန်မှာ လွှတ်ပေးရ မလဲဆိုတာကို သိဖို့လိုပါတယ်။ ပညာရှင်တွေက အကြံပြုတာကတော့ အရေးကြီးတဲ့ အပြုအမူတွေဆိုရင် ဆိုဆုံးမပြီး အရေးမကြီးတဲ့ အပြုအမူတွေကိုတော့ လွှတ်ပေးလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ အခြားကလေးတွေကို ရိုက်တာမျိုး၊ လူကြီးတွေကို ပြန်ပြောတာမျိုး၊ တီဗီကို မရပ်မနား အကြာကြီး ကြည့်နေတာမျိုးဆို ပြောဆိုဆုံးမပေမယ့် သူကြိုက်တဲ့ အဝတ်အစားကို နေ့စဉ်ရက်ဆက် ဝတ်တာမျိုးလို အရေးမပါတာမျိုးကိုတော့ လွှတ်ပေးလိုက်တာ မျိုးပါ။ 

(၂) မသင့်တော်တဲ့ အမူအကျင့်တွေကို ဖြစ်ပေါ်စေတဲ့ ဖြစ်စဉ်တွေကို ရှောင်ရှားပါ 

ကလေးမှာ မသင့်တော်တဲ့ အမူအကျင့်တွေကို ဖြစ်စေနိုင်တဲ့ ဖြစ်စဉ်တွေကို သတိထား စောင့်ကြည့်ပြီး ဒီဖြစ်စဉ်တွေ မဖြစ်အောင် ရှောင်ရှားခြင်းဖြင့် အဲ့ဒီ အမူအကျင့်တွေ မဖြစ်ပေါ်လာအောင် ရှောင်ရှားနိုင်ပါတယ်။ ဥပမာ ဈေးဝယ်ထွက်တဲ့အခါ စင်ပေါ်က ပစ္စည်းတွေကို ဆွဲချတတ်ရင် သူ့ကို ဈေးဝယ်ထွက်တဲ့အခါ ခေါ်မသွားခြင်းဖြင့် ရှောင်ကျဉ်နိုင်ပါတယ်။ အိမ်သာသုံး စက္ကူလိပ်ကို လှိမ့်ကစားတာမျိုးကို ကလေး တော်တော်များများ သဘောကျတတ်ပါတယ်။ ဒါမျိုးဆို သူ့ကို လေကုန်ခံ ပြောနေမယ့်အစား အိမ်သာစက္ကူလိပ်တွေကို သူမမှီတဲ့ နေရာမှာ သိမ်းထားလိုက်ပါ။ စာအုပ်ထဲ ပုံတွေလျှောက်ဆွဲတတ်တဲ့ ကလေးဆိုရင် စာအုပ်တွကို စာအုပ်ဗီဒိုထဲ ထည့်ပြီး သော့ခတ်ထားလိုက်ပါ။ 

(၃) ဆိုဆုံးမမှုဟာ တသမတ်ထဲ ရှိပါစေ 

အသက် ၂ နှစ်နဲ့ ၃ နှစ် အကြားမှာ ကလေးတွေဟာ သူတို့ရဲ့ အပြုအမူတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်က သူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်သလဲဆိုတာကို နားလည်အောင် ကြိုးစား သင်ယူနေတဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကလေးရဲ့ အပြုအမူအပေါ်  မိဘလုပ်သူတွေက   မတူညီတဲ့ တုံပြန်မှုတွေ ပေးမယ်ဆိုရင် ကလေးဟာ နားမလည်နိုင်ပဲ စိတ်ရှုပ်ထွေး သွားနိုင်ပါတယ်။ ဥပမာ ကလေးလုပ်သူက သူ့ညီမကို ရိုက်တဲ့အခါ ဆူတဲ့အခါ ဆူလိုက်၊ မဆူပဲ နေတဲ့အခါ နေလိုက် လုပ်မယ်ဆိုရင် ကလေးဟာ သူ့ရဲ့ ဒီအပြုအမူဟာ မှန်ကန်မှု ရှိတယ် မရှိဘူးဆိုတာ နားမလည်နိုင်ပဲ စိတ်ရှုပ်ထွေး စေနိုင်ပါတယ်။ 

မသင့်တော်တဲ့ အပြုအမူတွေကို ပြုပြင်ဖို့ ဆိုဆုံးမတာ ဘယ်လောက်ကြာရင် အောင်မြင်မလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် မိဘလုပ်သူက တသတ်မှတ်တည်းသော တုံ့ပြန် အပြစ်ပေးမှုကို ပြုလုပ်မယ်ဆိုရင် ဒီအပြုအမူဟာ တစ်ချိန်မှာ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အပြစ်ပေးတဲ့အခါ ပေးလိုက်၊ အပြစ်မပေးပဲ နေတဲ့အခါ နေလိုက်ဆိုရင် ဒီအကျင့်ဆိုး ပျောက်အောင်လုပ်ဖို့ ခဲယဉ်းသွားပါ လိမ့်မယ်။ 

(၄) စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့

ကလေးလုပ်သူက မိဘစကား နားမထောင်ပဲ လုက်ချင်တာလုပ်တာ တော်တော်တော့ စိတ်တိုစရာ ကောင်းပါတယ်။ တစ်ခါတစ်လေဆို ဆွဲပြီး ကိုင်ဆောင့်လိုက်ချင်စိတ်တောင် ပေါက်လာပါတယ်။ ဒါပေမယ့် ကလေးက ပြောမရ ဆိုမရ ဆိုရင် မိဘလုပ်သူက စိတ်တိုပြီး စိတ်လိုက်မာန်ပါ မလုပ်မိ ပါစေနဲ့။ မိဘက စိတ်ဆိုးပြီး အော်ဟစ်မိရင် သင်ပြောလိုတဲ့ ဆိုဆုံးမ မှုဟာ အော်ဟစ် ဆူညံသံတွေကြားမှာ ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်။ ကလေးက မိဘ ဒေါသထွက် စိတ်ဆိုးနေတာကို မြင်ရင် မိဘလုပ်သူ ပြောတာတွေကို နားဝင်တော့မှာ မဟုတ်ပါဘူး။ စိတ်ကို ငြိမ်အောင် ထားပါ။ အသက်ကို ပြင်းပြင်းရှူပါ။ တစ်က တစ်ဆယ် အထိ ရေပါ။ ပြီးရင် ကလေးကို မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြောလိုတဲ့ အကြောင်းအရာကို သေခြာပြောပါ။ 

(၅) တိုတိုနဲ့ လိုရင်းကို ပြောပါ 

မိဘတွေ တော်တော် များများဟာ ကလေးငယ်လေးတွေကို ဆိုဆုံးမတဲ့ အခါမှာ ဆုံမစကားတွေကို ကျိုးကြောင်းဖွဲ့နွဲ့ပြီး ပြောဆိုတတ်ကြပါတယ်။ တခါတခါ ဆုံးမစကား ပြောရင် မပြီးနိုင်အောင်ပါပဲ။ ဒါပေမယ့် ဒီအရွယ် ကလေးတွေက သိပ်စိတ်ရှည်ကြတဲ့ အရွယ် မဟုတ်ပါဘူး။ သူတို့ရဲ့ အာရုံစိုက်နိုင်အားက စက္ကန့်အနည်းငယ်ပဲ ရှိပါတယ်။ အရှည်ကြီး ဆုံးမ ဩဝါဒ ချွေနေမယ်ဆိုရင် သူတို့အာရုံစိုက်နိုင်စွမ်း မရှိကြပါဘူး။ နောက်ပြီး အသက် ၂-၃ နှစ် အရွယ်တွေဟာ ရှည်လျားရှုပ်ထွေးတဲ့ စကားတွေကိုလဲ နားလည်နိုင်စွမ်း မရှိပါဘူး။ ဒါ့ကြောင့် သူတို့ကို ဆုံမတဲ့ အခါ တိုတိုနဲ့ လိုရင်းကို ပြောဖို့လိုပါတယ်။ ပြောလိုတဲ့ အကြောင်းအရာကို လိုရင်းတိုရှင်းနဲ့ ထပ်ခါထပ်ခါ ပြောပါ။ ဥပမာ အသက် ၂ နှစ်အရွယ်ဆို “ထိုင်ခုံပေါ်မှာ မခုန်နဲ့နော်၊ မခုန်နဲ့သား၊ မခုန်နဲ့”။ အသက် ၃ နှစ်လောက်ဆို နားလည်နိုင်စွမ်း ပိုကောင်းလာတဲ့အတွက် “ထိုင်ခုံပေါ် မခုန်နဲ့သား။ ထိုင်ခုံတွေ ပျက်မယ်။ မခုန်နဲ့နော်” ဆိုတာမျိုး ပြောနိုင်ပါတယ်။ 

(၆) ရပ်နားချိန်(Time-out) သတ်မှတ်ပြီး အပြစ်ပေးပါ။ 

ပါးစပ်နဲ့ ပြောဆိုဆုံးမတာ မအောင်မြင်ဘူးဆိုရင် နောက်တဆင့် အနေနဲ့ ရပ်နားချိန် (time-out) သတ်မှတ်ပြီး အပြစ်ပေးသင့်ပါတယ်။ ရပ်နားချိန်ဟာ အသက် ၁ နှစ်တိုင်းအတွက် ၁ မိနစ် သတ်မှတ်သင့်ပါတယ်။ ဥပမာ အသက် ၃ နှစ်ဆို time-out ၃ မိနစ် ပေါ့။ အသံမာမာနဲ့ “ရပ်တော့ သား။ မေမေ တစ်ကနေ သုံးအထိ ရေမလို့မှ မရပ်ရင် time-out ပေးမယ်နော်။ တစ်၊ နှစ်၊ သုံး။” ဆိုလို့မှ မရပ်ရင် သူ့ကို ကြိုတင်သတ်မှတ်ထားတဲ့ time-out နေရာမှာ အချိန်ပြည့်သည်အထိ ထားပါ။ အချိန်ပြည့်သွားရင် သူ့အပြုအမူအတွက် တောင်းပန်ခိုင်းပါ။ ပြီးရင်ကလေးကို ပွေ့ဖက်ဖို့လဲ မမေ့ပါနဲ့။ဒီလိုလုပ်တာ သူတို့ကို မချစ်လို့ လုပ်တာ မဟုတ်ဘူး ဆိုတာ နားလည်အောင်ပါ။ သိပ်မကြာခင်မှာ ကလေးရဲ့ မလိုလားအပ်တဲ့ အပြုအမူ ပပျောက်သွားပါလိမ့်မယ်။ 

(၇) အကောင်းမြင်ပါ 

သင့်ကလေးရဲ့ အပြုအမူအတွက် ဘယ်လောက်ပဲ စိတ်ပျက်ပါနေပါစေ၊ သူ့ရှေ့မှာ ထုတ်ဖော်မပြောပါနဲ့။ ကလေးတွေဟာ မိဘလုပ်သူက သူတို့ရဲ့ အပြုအမူအပေါ် စိတ်ပျက်တဲ့စကား ပြောတာ ကြားရင် မိဘတွေ ပြောတဲ့ အမူအကျင့်ကို ထပ်ခါထပ်ခါ ပြုမူတတ်ကြပါတယ်။ ဥပမာ “နင့်ကို အငယ်လေးကို မရိုက်ပါနဲ့ ပြောတာ ပြောလို့ကို မရဘူး။ ငါဘယ်လို လုပ်ရမှာလဲ။” ဆိုတာမျိုး ပြောမိရင် သူဒီလို အငယ်လေးကို ရိုက်တာကို ရပ်အောင် ဘယ်လိုမှ လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုစကားမျိုး မပြောပါနဲ့။ ပြောချင်ရင် သူမကြားနိုင်တဲ့ နေရာမှာ ကိုယ့် ခင်ပွန်း၊ အမ၊ မိခင် လုပ်သူကို ရင်ဖွင့် တိုင်ပင် နိုင်ပါတယ်။ ဒါပေမယ့် သူ့ရှေ့မှာတော့ လုံးဝ စိတ်ပျက်တဲ့ အမူအရာ မပြမိ ပါစေနဲ့။။ 

ကလေးတွေကို စည်းကမ်းထိန်းတယ် ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ ကျားမြီးဆွဲရ သလိုပါပဲ။ ဒါ့ကြောင့် အဆုံးသတ် ပြောချင်တာ ကတော့ စိတ်ရှည်ပါလို့။ 

Latest Articles

Close Menu
×
×

Cart