သင့်ကလေး အာရုံပြောင်းအောင် ဘယ်လိုလုပ်မလဲ

သင့်ကလေး တီဗွီကြည့်နေတုန်း ထမင်းစားဖို့ ခေါ်ရင် မလာပဲ ပေကပ်နေသလား။ ကျောင်းပို့တဲ့ အခါ မသွားပဲ ငိုယိုနေ သလား။ အရုပ်မဝယ်ပေးလို့ ဆိုပြီး လူကြားသူကြားထဲမှာ အောက်ဟစ်ငိုယို နေသလား။ ဒီလိုအခါမျိုးဟာ ကလေးတိုင်းလိုလို အနဲနဲ့ အများ တစ်ချိန်မဟုတ် တစ်ချိန်တော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါမျိုး မကြာခဏ ပုံမှန်ဆိုသလို ဖြစ်နေတဲ့ အခါမျိုးဆို ဘယ်လိုလုပ်ကြမလဲ။

“ကလေးတွေဟာ ပစ္စုပ္ပန်ကာလမှာပဲ အာရုံရှိကြတာပါ။ အတိတ်နဲ့ အနာဂါတ်ဆိုတာ သူတို့အာရုံမှာ မရှိပါဘူး။ သူတို့ ဘယ်အချိန်ထမင်းစားရမယ်၊ ဘယ်အချိန် ညအိပ်ယာဝင်ရမယ် လို့ ကြိုတင်တွေးတောတာမျိုး သူတို့ဆီမှာ မရှိပါဘူး။ သူတို့ လက်ရှိ အာရုံဝင်စားနေတဲ့ အရာ တစ်ခုခုကနေ နောက်တစ်ခုကို ပြောင်းဖို့ကြိုးစားရင် သူတို့တွေ မကြိုက်ပဲ အတိုက်အခံ ပြုတတ်ကြပါတယ်။” လို့ နယူးယောက် တက္ကသိုလ်က ကလေးစိတ်ပညာရှင် ဒိုင်လန်ဂိုလ်က ပြောပါတယ်။ ဒီတော့ သူတို့လေးတွေကို လက်ရှိအာရုံစိုက်နေတဲ့ အရာတွေကနေ အာရုံပြောင်းအောင် ဘယ်လိုလုပ်ကြမလဲ။

ထပေါက်ကွဲတော့မယ်ဆိုတာကို ကြိုတွေးပြီး အသင့်ပြင်ဆင်ထားပါ

ဟုတ်ပါတယ်။ သူတို့လုပ်နေတဲ့အလုပ်၊ အာရုံစိုက်နေတဲ့ အရာကနေ အခြားတစ်ခုခုကို လုပ်ဖို့ပြောရင် ပထမ ငြင်းဆန်မယ်။ မရရင် အော်ဟစ် ငိုယိုပြီး ပေါက်ကွဲမယ်။ ဒီတော့ သူတို့ကို အာရုံပြောင်းအောင် လုပ်တော့မယ်ဆိုရင် ဒီလိုဖြစ်လာနိုင်တယ် ဆိုတာကို ကြိုတင်မျှော်မှန်းပြီး ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာ ကြိုတွေးထားပါ။ ကလေးတစ်ယောက်နဲ့ တစ်ယောက် တုန့်ပြန်ပုံခြင်းတော့ မတူပါဘူး။ အရင်တုန်းက ဒီလိုအာရုံပြောင်းအောင်လုပ်ရင် သူဘယ်လို တုန့်ပြန်လဲဆိုတာကို ကြည့်ရင် ဒီတစ်ခါလဲ ဘယ်လိုဖြစ်မလဲ ဆိုတာ ကြိုတင်မှန်းဆ နိုင်ပါတယ်။ အရင်တုန်းက ဒီလိုကြုံလာရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့ သလဲဆိုတာ ပြန်တွေးကြည့်ပါ။ ဘယ်လိုလုပ်ရင် အဆင်ပြေသလဲ၊ ဘယ်လိုကိုင်တွယ်ရင် ပိုဆိုးလာသလဲ ဆိုတာ ကြိုတွေးပြီး ပြင်ဆင်ထားပါ။ ကလေးက ထပေါက်ကွဲတဲ့ အခါကျမှ ဘာလုပ်ရင် ကောင်းမလဲဆိုပြီး မစဉ်းစားပါနဲ့။ ဘာလို့လဲဆို အဲဒီအချိန်ကျတော့ မိဘလုပ်တဲ့ သူကလဲ စိတ်မရှည်တော့ဘူး၊ စိတ်တိုလာမယ်။ ဒါဆိုကလေးရဲ့ ပေါက်ကွဲမှု အခြေအနေက ပိုဆိုးလာနိုင်ပါတယ်။ ဒီအချိန်မှာ အရေးအကြီးဆုံးက စိတ်ရှည်ရှည်ထားပြီး အချိန်ပေး ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ကိုယ်လုပ်စေချင်တာကို ကလေးက ချက်ချင်း ထမလုပ်ရင် ကိုယ်ကိုယ်တိုင်က စိတ်တို ဒေါသ မဖြစ်ပဲ ကလေးအတွက် အာရုံပြောင်းဖို့ အချိန် ပေးရပါမယ်။ ကျွန်တော့်သမီးဆို ကျောင်းမသွား ချင်ဘူး။ ကျောင်းရောက်လို့ ကျောင်းပေါက်ဝမှာ ချပေးလိုက်ရင် မျက်နှာလေး ငိုမဲ့ငိုမဲ့နဲ့ တစ်ခါတစ်လေး အဲ့နေရာမှာ ရပ်ပြီး ငိုနေရော။ ဒီတော့ ကိုယ်က သူနဲ့ ခဏနေပြီး သူစိတ်ငြိမ် လာတဲ့ အထိ နေပေးရပါတယ်။ သူကျောင်းထဲ ဝင်သွားပြီးလို့ လွယ်အိတ်ချပြီးရင်လဲ ကျောင်းပေါက်ဝ ပြန်လာပြီး ကျောင်းတက်တဲ့ အထိ ကိုယ့်ကိုပဲ ကြည့်နေပါတယ်။ အဲ့ဒီကနေ တဖြည်းဖြည်း ကျင့်သားရလာတော့ အခုကျောင်းသွားဖို့ ဝန်မလေးတော့ပါဘူး။

အခုကျတော့ ကျောင်းကနေ ညနေဆင်းရင် အိမ်မပြန်ချင်ဘူး။ ကျောင်းကစားကွင်းမှာ ဆက်ကစားခြင်တယ်။ အိမ်ပြန်ဖို့ အတော် အတိုက်အခံ ပြောရတယ်။ အဲ့ဒီတော့ သူ့ကို ကျောင်းဆင်းပြီးရင် ကစားကွင်းမှာ ကစားဖို့ အချိန် အကန့်အသတ်နဲ့ ပေးကစားရပါတယ်။ အချိန်စေ့ရင်တော့ အိမ်ပြန်ရပါတယ်။ ဒါကို ကိုယ်နဲ့ သူနဲ့ ကြိုပြီး သဘောတူညီမှု ယူထားတာပါ။ ဒီအာရုံပြောင်းတဲ့ ကာလ (အိမ်ကကျောင်း၊ ကျောင်ကအိမ်) မှာ သူ့အတွက် အာရုံပြောင်းဖို့ အပြောင်းအလဲအတွက် အချိန်ပေးတာပါ။

ရပ်ရမယ့် အချိန်ရောက်ရင် ရပ်ဖို့ပြောပါ။ ပြောတဲ့အတိုင်းလဲ လုပ်ပါစေ။

ရပ်ဖို့အချိန် ရောက်ပြီဆိုရင် သူတို့ကို သိအောင် ပြောပြပါ။ ဥပမာ၊ “နောက် ၅ မိနစ်နေရင် ကျောင်းသွားရတော့မယ်နော်” ဆိုတာမျိုး၊ “သားသား အိပ်ချိန်ရောက်ပြီနော်” ဆိုတာမျိုး။ အဝေးကြီးကနေ အော်မပြောပါနဲ့။ သူတို့ရှေ့မှာ သူတို့ရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပြီး လေးအေးအေးနဲ့ ပြောပါ။ ကလေးရှေ့ ဒူးထောက်ထိုင်ပြီး ပြောပါ။ ပြီးရင်လဲ သူတို့လုပ်နေတဲ့၊ အာရုံစိုက်နေတဲ့ အလုပ်ကနေ အာရုံလွှဲဖို့ ဆက်လုပ်ပါ။ တစ်ခါတစ်လေတော့လဲ ကိုယ်ပြောတဲ့ အတိုင်း ကလေးက ချက်ြခင်းလုပ်တဲ့ အခါမျိုးဆို သူတို့ကို လိမ္မာကြောင်း ချီးမွမ်းပေးပါ။

တစ်ခါတစ်လေတော့လဲ့ သူတို့ကို အချိန် အကန့်အသတ်နဲ့ ရပ်ဖို့ အချိန်ပေးရပါတယ်။ တီဗီ မရပ်မနား ကြည့်နေတဲ့ ကလေးကို တီဗီကြည့်တာ ခုချက်ခြင်းရပ်ဖို့ပြောရင် လုပ်ခြင်မှ လုပ်မှာပါ။ ထငိုနိုင်ပါတယ်။ ဒီအခါမျိုးကျရင် “နောက် ၅ မိနစ်နေရင် ရပ်မယ်နော်” ဆိုတာမျိုး၊ “ဒီကာတွန်းပြီးရင် တော်ပြီနော်” ဆိုတာမျိုး သူတို့ရပ်ရတော့မယ်ဆိုတာ ကြိုတင် သတိပေးထားပါ။ အချိန်ကျရင်လဲ ဆက်ကြည့်ခွင့်မပေးတော့ပဲ ရပ်ခိုင်းပါ။

တစ်ခုချင်းစီ နည်းနည်းချင်း ပြောင်းပါ

မနက် ကျောင်းသွားဖို့ ပြင်ဆင်တာမျိုးဆို အလွန်အလုပ်များပါတယ်။ ကလေးကို အိပ်ယာက နှိုးရမယ်၊ မျက်နှာသစ်၊ ရေချိုး၊ အဝတ်အစားဝတ်၊ မနက်စာစား။ ဒီတော့ ကလေးကို အော်ဟစ်ပြီး တစ်ခုပြီး တစ်ခု ဆက်တိုက် မရပ်မနား အမိန့်ပေးညွှန်ကြားတာထက် ကိုယ်ကိုတိုင်ကလဲ နည်းနည်း အရှိန်လျော့ပြီး ကလေးကို တစ်ခုချင်းစီ ညွှန်ကြားချက် ပေးပါ။ မျက်နှာသစ်တဲ့ အချိန်မှာ မျက်နှာသစ်တာကိုပဲ အာရုံစိုက်ပါ။ ပြီးမှ ရေချိုးဖို့ ပြောပါ။ ကလေးက တစ်ခုမပြီးသေးဘူး နောက်တစ်ခုကို လုပ်ဖို့ ပြောရင် ကလေးလဲ စိတ်ရှုပ်ထွေးလာ နိုင်ပါတယ်။ ဒါမျိုးဆို တစ်ချိန်မှာ တစ်ခုပဲ အာရုံစိုက်ပြီး ကလေးကို အာရုံပြောင်းပေးပါ။

အချိန်ဇယား ဆွဲပေးပါ

ပုံမှန် လုပ်နေကြ အလုပ်တွေ အတွက်ဆို အချိန်ဇယား ဆွဲပေးပြီး အဲ့ဒီ အချိန်ဇယားအတိုင်း လိုက်နာပါစေ။ ဖြစ်နိုင်ရင် ကလေးတွေ နားလည်လွယ်အောင် ရုပ်ပုံလေးတွေနဲ့ ဆွဲပေးပါ။ ဥပမာ၊ ညနေ ကျောင်းက ပြန်လာရင် ကစား၊ ရေချိုး၊ ထမင်းစား၊ အိမ်စာလုပ်၊ တီဗီကြည့်၊ အိပ်ယာဝင်။ ဒါမျိုးဆို တစ်ခုချင်းစီကို အရုပ်ကလေးတွေဆွဲပြီး (ကစားတဲ့ပုံ၊ ထမင်းစားနေတဲ့ပုံ၊ စသည်ဖြင့်) အချိန်ဇယားလုပ်၊ တစ်ခုချင်းစီ အတွက် အချိန်ဘယ်လောက်လဲ ဆိုတာလဲ ရေးပြီး သူတို့မြင်သာတဲ့ နေရာမှာ ကပ်ထားပေးပါ။ ဒါဆို ကလေးကလဲ ဘာပြီးရင် ဘာလုပ်ရ မလဲဆိုတာ ကြိုသိတဲ့ အတွက် အချိန်ရောင်ရင် သူတို့ကို ပြောရတာလဲ ပိုလွယ်လာပါတယ်။ ဒီအချိန်ဇယားအတိုင်း သူတို့ လိုက်နာဖို့ ကိုယ်ကကြပ်မတ်ဖို့တော့ လိုပါတယ်။

အပြောင်းအလဲ ကာလမှာ သူတို့စိတ်နှစ်သိမ့်နိုင်မယ့် အရာဝတ္ထု တစ်ခုခု ဖန်တီးပေးပါ

ကလေးငယ်လေးတွေအတွက် အာရုံပြောင်းကာလတွေဟာ စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့အတွက် စိတ်သက်သာရာ ရစေမယ့် အရာဝတ္ထု လေးတွေကို ဖန်တီးပေးပါ။ ဥပမာ ငိုတော့မယ်ဆို သူတို့နဲ့ အမြဲရှိတဲ့ သူတို့အရမ်းနှစ်ချိုက်တဲ့ အရုပ်မျိုးလေး ပေးပြီး အာရုံပြောင်းတာမျိုးပေါ့။ ကျောင်းသွားရမှာ ဝန်လေးတဲ့ ကလေးမျိုးဆို သူတို့အတွက် မွှေးပွရုပ် သေးသေးလေး ထည့်ပေးလိုက်တာမျိုးပေါ့။

ဆုပေးဒါဏ်ပေးစနစ် ကျင့်သုံးပါ

တီဗီရှေ့က မထတမ်း ကြည့်နေတဲ့ ကလေးမျိုး ပြောမရရင် နောက်နေ့ တီဗီပေးမကြည့်တော့ဘူး ဆိုတာမျိုး ပြောတာမျိုး၊ ကိုယ်လုပ်စချင်တာကို ချက်ြခင်းထလုပ်ရင် ညဖက် ကာတွန်းကား ၁၅ မိနစ် ပေးကြည့်တာမျိုး။ သတိထားရမှာက အပြောင်းအလဲ တိုင်းကို ဆုပေးတာမျိုး မလုပ်မိဖို့ပါ။ နောက် ကိုယ်က ဒါဏ်ပေးမယ်လို့ ကလေးကို ပြောရင် ကိုယ်ပြောတဲ့ အတိုင်းလဲ တည်ပါစေ။ “အခုချက်ြခင်း တီဗီကြည့်တာရပ်ပြီး ရေသွားမချိုးရင် မနက်ဖြန် တီဗီပေးမကြည့်တော့ဘူး” လို့ပြောပြီး နောက်တစ်နေ့ကျတော့ ကလေးကို တီဗီပေးကြည့်တာမျိုးဆို ကလေးက ကိုယ်က ခြိမ်းချောကရုံထက် မပိုဘူး၊ တစ်ကယ်ဒါဏ်ပေး မခံရဘူး ဆိုပြီး ကိုယ့်စကား နားမထောင်တော့ပါဘူး။ ဒါဏ်ပေးမယ်လို့ ပြောပြီးရင် ပြောတဲ့အတိုင်း တည်ပါစေ။

မိဘကလဲ စိတ်ကို တည်ငြိမ်အောင် ထားပါ

လူကြားသူကြားထဲ ကိုယ့်ကလေးက ငိုယိုအော်ဟစ်ပြီး ပေါက်ကွဲနရင် မိဘလုပ်တဲ့သူက စိတ်မရှည်၊ စိတ်တိုပြီး ကလေးကို အော်ငေါက်မိ တတ်ပါတယ်။ ဒီအခါ ကလေးက အငိုမရပ်သွားပဲ ပိုပြီးတော့တာ ဆိုးလာတတ်ပါတယ်။ ဒီအချိန်မှာ အရေးကြီးတာက ကိုယ်ကိုယ်တိုင်က စိတ်ကို ငြိမ်ငြိမ်ထားပြီး စိတ်ရှည်ရှည်နဲ့ ကလေးကို အာရုံပြောင်းလာအောင် လုပ်ပေးဖို့ပါ။ ဖြစ်နိုင်ရင် ကလေးကို လူကြားသူကြားထဲ ကနေ ဝေးတဲ့ တစ်နေရာရာကို ခေါ်သွားပါ။ ပြဿနာ ပြီးပြီးရော ဆိုပြီး သူ့တောင်ဆိုချက်ကို မလိုက်လျောပါနဲ့။ ကလေးက နောက်ဆို လူကြားထဲ ငိုရင် ငါလိုချင်တာရတယ်ဆိုပြီး နောက်ပိုဆိုးလာပါလိမ့်မယ်။ စိတ်အေးအေးထားပြီး ကလေးကို အခြားတစ်ခုကို အာရုံပြောင်းသွားအောင် ကြိုးစားပါ။

ကလေးတစ်ယောက်ကို အာရုံပြောင်းသွားအောင် လုပ်ရတယ်ဆိုတာ တစ်ကယ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က စိတ်ရှည်ရှည်ထား၊ ဒေါသမထွက်ပဲ ကလေးကို အာရုံပြောင်းဖို့ အချိန်ပေးပြီး လုပ်ပေးမယ်ဆို တစ်ဖြည်းဖြည်း ဒီလို အာရုံပြောင်းရတာ လွယ်ကူလာပါလိမ့်မယ်။

Source: Life Hacker | How to help a kid who has a tough time with transition

Leave a Reply

%d bloggers like this: