ကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

“အန်တီနု သားလေးက တော်လိုက်တာ”

“သူများသားသမီးတွေ တော်လိုက်ကြတာ၊ ငါ့သမီးကျတော့ …”

“သမီးသူငယ်ချင်း မွန်မွန်က ဆုရပြီး ဘာလို့ သမီးက မရရတာလဲ”

“ဘာလို့ ငါ့သားက အောင်အောင့်လို မတော်ရတာလဲ”

သင်ဟာ ကလေးမိဘ တစ်ယောက်ဆိုရင် ဒီလိုမျိုး ကိုယ့်ကလေးကို သူများကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာမျိုး ပြုလုပ်ဖူးပါသလား။ ကလေးမိဘတိုင်းလိုလို အနည်းနဲ့ အများတော့ ဒီလိုမျိုး ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်တာမျိုး လုပ်ဖူးကြမှာပါ။ အနည်းဆုံးတော့ စိတ်ထဲက နှိုင်းယှဉ်မိတာမျိုးတော့ ဖြစ်ဖူးမှာပါ။ ဒါပေမယ့် ဒီလို ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာဟာ အဓိက ကတော့ ကိုယ့်သားသမီးကို သူများသားသမီးတွေလို တော်စေချင်၊ တတ်စေချင်တဲ့ စေတနာနဲ့ ပြောတာမျိုး ဖြစ်တတ်ပါတယ်။​ ဒါပေမယ့် တကယ်တမ်းမှာ ဒီလိုနှိုင်းယှဉ်ပြောတာမျိုးဟာ သားသမီးကို အကျိုးမဖြစ်စေပဲ ရေရှည်မှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ အတွက် မပြုလုပ် သင့်ပါဘူး။ နှိုင်းယှဉ်တယ်ဆိုတာ အသက်အရွယ်မရွေး မလိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။​ အထူးသဖြင့် စိတ်ဓါတ် နုနယ်တဲ့ ကလေးတွေမှာ ပိုလို့ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ကလေးတွေရဲ့ စိတ်ဟာ နုနယ်တဲ့ အတွက် သူတို့အပေါ်မှာ အဆိုးမြင်တဲ့ (Negative criticism) ဝဖတ်မှုကို ခံနိုင်ရည်စွမ်းအား မရှိကြပါဘူး။ အထူးသဖြင့် အခြားကလေးတွေ သူတို့ထက် သာတဲ့ အချက်တွေကို ထောက်ပြတာကို သူတို့ဟာ ခံနိုင်စွမ်း မရှိပါဘူး။ ဒီလိုပြောလို့ ကိုယ့်ကလေးက မှားယွင်းနေတာကို ဆိုဆုံးမ ထောက်ပြတာမျိုး မလုပ်ရဘူးလို့ ပြောတ မဟုတ်ပါဘူး။ ကိုယ့်ကလေးကို ကောင်းစချင်လို့ ဆုံးမတဲ့ အခါမျိုးမှား အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ဆိုဆုံးမတာမျိုး မလုပ်ပဲ သူတို့ရဲ့ အမှားတွေကို ထောက်ပြပြီး ဆုံးမတာမျိုးပဲ ဖြစ်သင့်ပါတယ်။

အောက်မှာ ဘာ့ကြောင့် ကိုယ့်သားသမီးကို သူများကလေးတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်သင့်ဘူးလဲ ဆိုတဲ့ အကြောင်းကို ကလေးစိတ်ပညာရှင်တွေက ထောက်ပြထားတာတွေကို စုစည်း တင်ပြပေးထားပါတယ်။

(၁) ကလေးက သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ ပါတ်သက်လို့ သံသယ ဝင်သွားမယ်

ကလေးကို မိဘလုပ်သူက သူဟာ ညံ့ဖြင်းတယ်၊ အခြားကလေးတွေက သူ့ထက် ပိုသာတယ်၊ ပိုစွမ်းဆောင်နိုင်တယ်၊ ပိုပြီး ထူးချွန်ထက်မြက်တယ် လို့ ထပ်ခါထပ်ခါ အပြောခံ ရတဲ့အခါ ကလေးလုပ်သူဟာ သူ့ရဲ့ ပင်ကိုယ်အရည်အချင်း၊ စွမ်းဆောင်ရည်နဲ့ ပါတ်သက်လို့ တဖြည်းဖြည်း သံသယ ဝင်လာပါလိမ့်မယ်။ တဖြည်းဖြည်း ကလေးလုပ်သူက သူ့မှာ စွမ်းဆောင်နိုင်တဲ့ အရည်အချင်း ရှိမှ ရှိပါရဲ့လားဆိုတဲ့ သံသယ အတွေး ဝင်သွားနိုင်ပါတယ်။

(၂) ကိုယ့်ထက်သာ မနာလိုတဲ့ ဝန်တိုတတ်တဲ့ စိတ်ဝင်သွားမယ်

တခြားကလေးတွေနဲ့ အမြဲတမ်း နှိုင်းယှဉ်ပြီး အပြောခံရတော့ ကလေးဟာ တဖြည်းဖြည်း အခြားကလေးတွေကို မနာလိုတတ်တဲ့စိတ်၊ ဝန်တိုတတ်တဲ့ စိတ်ဓါတ် ဝင်သွားနိုင်ပါတယ်။ ဒီစိတ်ဓါတ်ဟာ အသက်ကြီးတဲ့ အထိ ပါသွားရင် ကလေးဘဝ အောင်မြင်မှုမှာ အနှောက်အယှက် ဖြစ်လာနိုင်ပါတယ်။ ဒီထက်ပို ဆိုးတာက အကယ်လို့ ကိုယ့်ရဲ့ ညီအကို မောင်နှမတွေနဲ့ နှိုင်းယှဉ်ခံရရင် ဒီကလေးဟာ ကိုယ့် မောင်နှမ အချင်းချင်း ချစ်ခင်စိတ်အစား မနာလိုစိတ်၊ ခံပြင်းစိတ်တွေ ဝင်သွားနိုင်ပါတယ်။

(၃) မိမိကိုယ်ကို တန်ဖိုးထားမှု (self esteem) လျှော့နည်းသွားမယ်

ဒီအချက်ဟာ ဘာ့ကြောင့် ကလေးကို သူများကလေးတွေနဲ့ မနှိုင်းယှဉ်သင့်ဘူးလဲ ဆိုတဲ့ အကြောင်းပြချက်တွေထဲမှာ အရေးအကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးထားမှု အားနည်းတဲ့ လူကြီးတွေ၊ မိမိအစွမ်းအစကို ယုံကြည်မှု မရှိတဲ့ လူကြီးတွေကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု အားနည်းတာ၊ ယုံကြည်မှု အားနည်းတာဟာ ငယ်စဉ်ဘဝက အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေ အပေါ်မှာ အခြေခံတယ် ဆိုတာ တွေ့ရှိရပါတယ်။ ဒီအထဲက အရေးပါတဲ့ အချက်တစ်ခုကတော့ ငယ်စဉ်က မိဘလုပ်သူက သားသမီးကို အခြားကလေးတွေနဲ့ အမြဲပဲ နှိုင်းယှဉ်ပြီး ပြောလေ့ရှိတာကြောင့် ကလေးလုပ်သူမှာ သိမ်ငယ်စိတ် ဝင်သွားတာဟာလဲ တစ်ခု အပါအဝင် ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ ရပါတယ်။

(၄) ကလေးတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး

ကလေးတိုင်းမှာ သူတို့ရဲ့ အားသာချက် အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။​ကျောင်းစာမှာ တော်တဲ့ ကလေးတိုင်း လူမှုပေါင်းသင်းဆက်ဆံရေးမှာ ကောင်းမယ်လို့ ပြောလို့ မရပါဘူး။ ကျောင်းစာမှာ မတော်ပေမယ့် ဖြတ်ထိုးဉာဏ် ကောင်းတဲ့ ကလေးတွေ အများကြီး တွေ့ဖူးမှာပါ။ အချို့ကလေးတွေက ကျောင်းစာတော်ပေမယ့် တီထွင်ဖန်တီးနိုင်စွမ်းတော့ အားနည်းတာမျိုး တွေ့ရမှာပါ။ အချို့က ကျောင်းစာ မတော်ပေမယ့် အနုပညာကျတော့ အားကောင်းနေပြန်ရော။ ဒီလို မတူညီတဲ့ အရည်အချင်း အမျိုးမျိုး ရှိတဲ့ ကလေးတွေကို တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်တယ်ဆိုတာ လိမ္မော်သီးနဲ့ ပန်းသီးကို နှိုင်းယှဉ်တာနဲ့ အတူတူ ပါပဲ။ ပန်းသီးလဲ သူ့ဟာနဲ့သူ အရသာ ရှိသလို လိမ္မော်သီးလဲ သူ့အရသာနဲ့ သူပါပဲ။ ဒီလိုပဲ ကလေးတိုင်းလိုလို သူ့နေရာနဲ့သူ ထူးချွန်ကြပါတယ်။ ကိုယ့်ကလေး ထူးချွန်တဲ့ အရည်အချင်းကို ပိုပြီး ထူးချွန်အောင် မြေတောက်မြှောက်ပေးဖို့ လိုပါတယ်။ အဲ့လို မဟုတ်ပဲ အခြားကလေးတွေနဲ့ တူအောင် အတင်းလိုက်ညှိနေရင် သူထူးချွန်ရမဲ့ နေရာမှာလဲ မထူးချွန်နိုင်တော့သလို သူအားနည်းတဲ့ အရည်အချင်းကလဲ တက်မလာနိုင်ရင် ကလေးဘဝ အောင်မြင်ရေးကို ထိခိုက်လာ နိုင်ပါတယ်။

(၅) တစ်သက်လုံး ကလေးက မှတ်မိနေလိမ့်မယ်

ကလေးတွေဟာ အမှတ်သညာ အလွန်ကောင်းပါတယ်။ မိဘလုပ်သူက ဒီနေ့ပြောပြီး မနက်ဖြန် မေ့သွားပေမယ့် ကလေးတွေကတော့ မိဘက ကိုယ့်ကို အဆိုးပြောတဲ့ စကားကို အသက်ကြီးတဲ့အထိ မှတ်မိနေ တတ်ပါတယ်။ ကလေးကို “ဘာလို့ နင်က ဟိုကလေးလို မတော်ရတာလဲ” ဆိုတဲ့ စကားတစ်ခွန်းဟာ ပြောဖန်များရင် ကလေးရင်ထဲမှာ စိမ့်ဝင်သွားပြီး အသက်ကြီးလာတဲ့အထိ သူတို့တွေက ငါ့ထက်တော်တယ်၊​ငါက သူတို့တွေထက် ညံ့တယ်ဆိုတဲ့ အစွဲ ဝင်သွားပါလိမ့်မယ်။ ဒါဆိုလက်တွေ့ဘဝမှာလဲ ကိုယ်က သူများတွေထက် ကောင်းအောင် လုပ်နိုင်ရင်တောင် ကိုယ့်စွမ်းဆောင်ရည်ကြောင့် အောင်မြင်တာမဟုတ်ပဲ ကံကြောင့်၊ ကံကောင်းလို့ တစ်ခါတစ်လေ အောင်မြင်တာ ဆိုတဲ့ အစွဲ ဝင်သွားနိုင်ပါတယ်။

(၆) နိမိတ်ဖတ် သလို ဖြစ်မယ်

အယူသည်းလို့ ပြောတာ မဟုတ်ပါ။ “နင်ညံ့တယ်” လို့ အပြောခံရတဲ့ ကလေးဟာ အပြောခံရတာ များတဲ့အခါကျတော့ “ငါညံ့တယ်၊ ငါမတော်ဘူး၊ ငါမလုပ်နိုင်ဘူး” ဆိုတဲ့ အစွဲဝင်သွားပါတယ်။ ဒီအခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ကင်းမဲ့လာပြီး လုပ်သမျှ အလုပ်တွေကလဲ အကောင်းဆုံး ဖြစ်မလာနိုင်တော့ပဲ တော်ရိရော်ရိသာ ဖြစ်လို့လာပါတော့တယ်။ လုပ်လဲ အောင်မြင်နိုင်မှာ မဟုတ်ပါဘူးလေ ဆိုတဲ့ အတွေးဝင်သွားတဲ့ အတွက် ကြိုးစားအားထုတ်ချင်စိတ်လဲ လျှောနည်းသွားပါတယ်။ ဒီအခါ အောင်မြင်မှု ရဖို့လဲ ပိုပြီး ခဲယဉ်းလို့ လာပါတယ်။

(၇) ကိုယ့်ခြေလှမ်းနဲ့ကိုယ် လျှောက်လှမ်းပါစေ

ကလေးဘဝဆိုတာ ထိပ်ဆုံးကို ရောက်ဖို့ ပြေးပွဲတစ်ခု မဟုတ်ပါဘူး။ ကလေးတွေဟာ သူ့အထွာနဲ့သူ ဖွံ့ဖြိုးကြတာပါ။ ဒါပေမယ့် မိဘတွေဟာ သူ့ကလေးက အခုဆို စလမ်းလျှောက်နေပြီ၊ ငါ့ကလေးက အခုထက်ထိ လမ်းမလျှောက်သေးဘူး။ သူ့ကလေးက အခုဆို စကားစပြောနေပြီ၊ ငါ့ကလေးက စကားမပြောသေးဘူး အစရှိသဖြင့် စိုးရိမ်ပူပန် တတ်ကြပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပုံသေသတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း တိုးတက်ကြတာ မဟုတ်ပါဘူး။ ကလေးတိုင်း သူ့အတိုင်းအတာ၊ သူ့အချိန်နဲ့ သူ တိုးတက်လာတာ ဖြစ်လို့ ဘာမှ ဆိုးရိမ်စရာ မရှိပါဘူး။ သူတို့အချိန်ရောက်ရင် သူတို့စွမ်းဆောင်နိုင်မှာပါ။

(၈) ဘဝင်မြင့်သွားအောင်လဲ မမြှောက်သင့်ပါဘူး

တစ်ဖက်မှာလဲ အချို့မိဘတွေက ကိုယ့်ကလေးကို သူများကလေးတွေနဲ့ အမြဲပဲ နှိုင်းယှဉ်ပြီး ငါ့ကလေးက သူ့ကလေးထက် သာတယ်ဆိုပြီး ချီးကျူးကြတတ်ပါတယ်။​ ဒါလဲ မကြာခန ချီးကျူးဖန် များလာရင် ကလေးက ဘဝင်မြင့်သွားပြီး လူတိုင်းကို မတူသလို မတန်သလိုမျိုး ဆက်ဆံတတ် လာတတ်ပါတယ်။ ဒါ့ကြောင့် ဒီအစွန်းကိုလဲ ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။ မိဘတိုင်းကတော့ ကိုယ့်သားသမီးကို ဘဝင်လေဟပ်နေတဲ့ ကလေးမျိုး ဖြစ်စေချင်မှာ မဟုတ်ပါဘူး။ နောက်ပြီး ကလေးက ဘဝင်လေဟပ်သွားရင် ငါ့တော်တယ် ဆိုပြီး တကယ်ကြိုးစား အားထုတ်ချင်စိတ်လဲ လျှော့နည်းသွား နိုင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ကလေးကို ဆုံးမရာမှာပဲ ဖြစ်ဖြစ်၊ ချီးကျူးရာ မှာပဲဖြစ်ဖြစ် အခြားကလေးတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပဲ အရှိကို အရှိအတိုင်း ဆုံးမတာ၊ ချီးကျုးတာက အကောင်းဆုံးပါပဲ။

စာဖတ်သူ များကလဲ မိမိတို့ရဲ့ အတွေ့အကြုံ၊ အမြင်တွေကို အောက်က comment မှာ ရေးသားပြီး ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

Ref:

#1 7 Reasons not to compare your child with others | Parenting

#2 5 Reasons you should never compare your kids with others | Huffington Post

Leave a Reply

%d bloggers like this: